သတင်းအချက်အလက်များ ရရှိခွင့် ဥပဒေ ပေါ်ပေါက်ရေးနှင့် စပ်လျဉ်း၍ အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

သတင်းအချက်အလက်များ ရရှိခွင့် ဥပဒေ ပေါ်ပေါက်ရေးနှင့် စပ်လျဉ်း၍ အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
Published 22 August 2017

သတင်းအချက်အလက်များ ရရှိခွင့် ဥပဒေ ပေါ်ပေါက်ရေးနှင့် စပ်လျဉ်း၍ အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်

သတင်းအချက်အလက်များ ရရှိခွင့် ဥပဒေ ပေါ်ပေါက်ရေးနှင့်စပ်လျဉ်း၍ အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံကာ ဆွေးနွေးပွဲ တစ်ရပ်ကို သြဂုတ် ၂၁ ရက်က ရန်ကုန်မြို့ Chatrium Hotel တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသည် အရပ်ဘက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်များ ရရှိခွင့်ဥပဒေ ပေါ်ပေါက်ရေးအတွက် ဆွေးနွေးကြခြင်းဖြစ်ပြီး လက်ရှိ ရေးဆွဲလျက်ရှိသော သတင်းအချက်အလက်များ ရရှိခွင့် ဥပဒေ (မူကြမ်း) အပေါ် အရပ်ဘက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာတို့၏ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များကို တိုင်ပင်ဆွေးနွေး၍ ရလဒ်များအား သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာန၊ ကော်မတီများနှင့် ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားရန် ရည်ရွယ်ဆွေးနွေးခြင်းဖြစ်သည်။

ပြည်ကြီးခင်အမျိုးသမီးအဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းက “ပြီးခဲ့တဲ့ မေလထဲက ပြန်ကြားရေးဝန်ကြီးဌာနက ဒီမူကြမ်းကို အရင်အစိုးရဆွဲခဲ့တဲ့မူကြမ်းကို မသုံးတော့ဘူး။ အသစ်ပြန်ပြင်ဆွဲလိုက်တယ်။ အဲဒါကို အရပ်ဘက် အဖွဲ့အစည်းတွေကို မျှဝေတယ်။ ဒီဟာကို အကြံပြုချက်ရှိရင်ပေးပါလို့ ပြောတယ်။ ဒါကလည်း လက်ရှိဥပဒေနဲ့ပတ်သက်ပြီး ပညာပေးနေတဲ့အဖွဲ့တွေကို ပေးတဲ့အတွက်ကြောင့် ဒီပွဲကတော့ သူတို့ပေးခဲ့တဲ့မူကြမ်းကို ပထမဦးဆုံး ဆွေးနွေးတဲ့ပွဲ ဖြစ်ပါတယ်။ အခု ဥပဒေကြမ်းမှာ အားသာချက်ကတော့ ခေါင်းစဉ်ပေါ့။ အရင်အစိုးရလက်ထက်မှာ လုပ်ခဲ့တဲ့ ခေါင်းစဉ်က သတင်းအချက်အလက် ရရှိခွင့် အခွင့်အရေးဆိုင်ရာ ဥပဒေလို့ပြတယ်။ အဲဒီတုန်းကတော့ တော်တော်လေး ဝေဖန် အကြံပြုခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆို သတင်းရပိုင်ခွင့်က နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးမဟုတ်ဘူး။ ဆိုတော့ ဒါက လူ့အခွင့်အရေးတစ်ရပ် အနေနဲ့ နိုင်ငံသားတစ်ယောက်က ရပိုင်ခွင့်ပဲဖြစ်ရမယ်။ အခွင့်အရေး မဟုတ်တဲ့အတွက်ကြောင့် အခွင့်အရေးဆိုင်ရာ ဥပဒေမဟုတ်ဘဲ ရပိုင်ခွင့်ဥပဒေလို့ပဲ ပြောခဲ့တယ်။ အသစ်ထွက်လာတဲ့ ဥပဒေကြမ်းက ရပိုင်ခွင့်ဥပဒေလို့ ပြောတဲ့အတွက်ကြောင့် ဒါသည် နိုင်ငံသားရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆွဲတယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် ကြိုဆိုပါတယ်။ နောက် ဒီသတင်းအချက်အလက် တောင်းတဲ့နေရာမှာ အကြောင်းပြချက်မပေးဘဲနဲ့ တောင်းလို့ရတယ်ဆိုတာ ဖော်ပြထားတယ်။ သတင်းထုတ်ပြန်ရေး ကော်မရှင်ဆိုတာလည်း ပါပါတယ်။ လက်ရှိဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ အတော်လေးကောင်းတယ်။ ဥပမာ ခြစားမှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးမြှင့်တင်ရေးတို့၊ ဒါတွေပါတယ် ကောင်းပါတယ်။ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကတော့ လိုနေသေးတယ်။ သတင်းအချက်အလက် တောင်းလို့ရတယ်ဆိုတဲ့ အဖွဲ့အစည်းတွေက အစိုးရမဏ္ဍိုင်ကြီး သုံးရပ်လုံးပါသင့်တယ်။ ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်အဆင့် အစိုးရတွေ၊ လွှတ်တော်တွေ ပါသင့်တယ်။ အများပြည်သူ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ပါသင့်တယ်။ ပြည်သူ့ဘဏ္ဍာကို သုံးပြီးတော့ လုပ်ဆောင်နေတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေ ပါသင့်တယ်။ ဒါတွေတော့ အားနည်းချက်တွေလို့မြင်တယ်။ နောက် သတင်းအချက်အလက် ထုတ်ပြန်ရေးကော်မရှင်လို့ မသုံးဘဲနဲ့ ပြန်ကြားရေး ကော်မရှင်လို့ သုံးထားတဲ့အခါမှာ ဝန်ကြီးဌာနနဲ့ မှားနိုင်တယ်။ ဒီကော်မရှင်အဖွဲ့ဝင်တွေက ခန့်အပ်ထားတာမျိုး မဟုတ်ဘဲနဲ့ သက်ဆိုင်ရာက ရွေးချယ်တင်မြှောက်ထားတာမျိုး ဖြစ်ရမယ်။ ဘယ်သူတွေပါရမယ် ဆိုတာတွေတော့ ထပ်ပြီး ပြင်ဆင်ဖို့လိုလိမ့်မယ်။ နောက်ဒီကော်မရှင်က သတင်းအချက်အလက်ကို ဘယ်ကရသလဲဆိုတာ ဥပဒေထဲမှာမပါဘူး။ ဒါတွေတော့ ပြန်ပြင်ဖို့လိုလိမ့်မယ်။ အများပြည်သူ သိရှိနိုင်တဲ့ သတင်းအချက်အလက်ဆိုတာ ဘယ်လိုသတ်မှတ်မှာလဲ။ ဒါမျိုးတွေ တိတိကျကျ လိုပါလိမ့်မယ်။ ဆွေးနွေးပွဲက ဒီတိုင်းဆွေးနွေးတာထက်စာရင် RTI ဥပဒေတစ်ခုမှာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အခြေခံမူ ခုနစ်ချက်ရှိတယ်။ အဲဒါကို ကြည့်ပြီးတော့မှ ဒီအချက်တွေအရ ဒါတွေ လိုနေတယ်ဆိုတာ အရပ်ဘက်အဖွဲ့အစည်းတွေက အကြံပြုသွားမယ်” ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိ အရပ်ဘက်အဖွဲ့အစည်းများ ချပြထားသည့် ဥပဒေကြမ်းသည် လွှတ်တော်သို့ မရောက်ရှိသေးဘဲ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဥပဒေနှင့် အထူးဆန်းစစ် လေ့လာရေးကော်မရှင်တို့ ဆွေးနွေးထားသည့် အဆင့်သာဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာမည့် အချက်များအား အဆိုပါဝန်ကြီးဌာနနှင့် ကော်မရှင်နှစ်ခုစလုံးထံ ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သတင်းအချက်အလက်များ ရရှိပိုင်ခွင့် ဥပဒေပြဋ္ဌာန်းကျင့်သုံးခြင်းဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများ ပိုမိုထိရောက်မှုရှိလာခြင်း၊ အဂတိကိစ္စရပ်များအား ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်ခြင်းနှင့် ပိုမိုကောင်းမွန်သော စီမံအုပ်ချုပ်မှုများ တည်ဆောက်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များ ရရှိခွင့်သည် အစိုးရများအား တာဝန်ခံမှု ရှိလာစေရေးကို တိုက်တွန်းပေးနိုင်သော အဓိကကျသည့် စနစ်တစ်ခုလည်းဖြစ်ကြောင်း၊ ဒီမိုကရေစီ စံစနစ်ဖော်ဆောင်ရာတွင် ကောင်းမွန်သော သတင်းအချက်အလက်များ ရရှိခွင့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းကျင့်သုံးခြင်းသည် အဓိကကျသော လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ဒီမိုကရေစီ စံစနစ်ကျင့်သုံးသော နိုင်ငံအားလုံး လိုလိုတွင် သတင်းအချက်အလက်များ ရရှိခွင့် ဥပဒေပြဋ္ဌာန်းထားကြကြောင်း ဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းကလည်း “ဒီဥပဒေကို အရမ်းကြီး မလောစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် လောလိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံလိုပဲ ပေါ်တော့ပေါ်လာတယ်။ မပြည့်မစုံဖြစ်ရာရောက်တယ်။ ကိုယ်တွေ့တစ်ခုက သတင်းမီဒီယာဥပဒေ ၂၀၁၄ မှာ ပြဋ္ဌာန်းခဲ့တယ်။ မီဒီယာကောင်စီပေါ်လာပြီ။ အဲဒီမှာ Complain တွေကို ကိုင်တွယ်တဲ့နေရာမှာ အားနည်းချက်တွေ တွေ့ရတယ်။ ဒါကြောင့် ဒီဟာကိုလည်း အချိန်ယူပြီးတော့ ထောင့်စုံအောင် လောလောဆယ်တော့ CSO တွေ ဆွေးနွေးတယ်။ တချို့ပြောတယ် ဒီဥပဒေက သတင်းသမားနဲ့ မဆိုင်ဘူးထင်ကြတယ်။ ဒါဟာ နိုင်ငံသားတိုင်းနဲ့ဆိုင်တယ်။ သတင်းသမားက ပိုပြီးတော့ အကျိုးခံစားရမယ်။ သတင်းသမားတွေရဲ့ မူလတာဝန်ကိုက စောင့်ကြည့်ရတာကိုး။ နောက်ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ရင် လွတ်လပ်တဲ့ အမှီခိုကင်းတဲ့ ကော်မရှင်တစ်ခုရှိရမယ်။ ဒီဥပဒေနဲ့ သြဇာအာဏာအရှိဆုံးပေါ့။ ဒီဥပဒေမူကြမ်းမှာ ပြန်ကြားရေးကော်မရှင်လို့ ရေးထားတယ်။ အဲဒါကိုတော့ ပြောင်းစေချင်တယ်။ ပြန်ကြားရေးဆိုတာက လူထုကြားမှာ ဝန်ကြီးဌာန အဖွဲ့အစည်းတစ်ခုလို ဖြစ်နေတယ်။ တဖြည်းဖြည်းတော့ အဆင်ပြေလာမှာပါ အဆင့်ဆင့် ဆွေးနွေးရင်တော့။ အားလုံး ပါဝင်အောင် ထောင့်စုံအောင်လုပ်ဖို့လိုမယ်။ မီဒီယာသမားတွေ အများကြီး ပါဝင်စေချင်တယ်။ မီဒီယာသမားများရဲ့ ခံစားချက်တွေကို ကိုယ်တိုင်ပဲနားလည်တယ်။ တခြားအပြင်ကလူတွေ သိပ်မသိကြဘူး။ သူတို့က ကျွန်တော်တို့ဆို အမြဲရန်လိုတဲ့သူတွေ သိပ်ဆန့်ကျင်တဲ့သူတွေလို့ မြင်တယ်။ လက်တွေ့မှာ တွေ့တဲ့ အခက်အခဲတွေကို ကာဗာဖြစ်အောင်လို့ မီဒီယာတွေအနေနဲ့ ထောင့်စုံကနေ ဆွေးနွေးဖို့လိုတယ်။ အားလုံးကို ထဲထဲဝင်ဝင် ပါဝင်စေချင်တယ်။ အချိန်ရပါသေးတယ်။ မီဒီယာတွေ ပိုပြီးတော့ ပါဝင်စေချင်ပါတယ်” ဟု ပြောကြားသည်။

ဆွေးနွေးပွဲတွင် သတင်းအချက်အလက်များ ရရှိခွင့်ဥပဒေနှင့်ပတ်သက်၍ တွေ့ရှိချက် အကြံပြုချက်များ ထောက်ပြဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ မကွေး၊ ထားဝယ်၊ မန္တလေး၊ ရှမ်း၊ ကယားဒေသများမှ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာ ကောင်စီမှ တာဝန်ရှိသူများနှင့် ယင်းဥပဒေအား စိတ်ဝင်စားသည့် အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။