နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်၍ ဒေသခံများ၏ သဘောဆန္ဒများကို အသိအမှတ်ပြုရန်လိုကြောင်း ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်၍ ဒေသခံများ၏ သဘောဆန္ဒများကို အသိအမှတ်ပြုရန်လိုကြောင်း ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 5 June 2018

နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးပါဝင်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမည့် ကိစ္စနှင့်ပတ်သက်၍ ဒေသခံများ၏ သဘောဆန္ဒများကို အသိအမှတ်ပြုရန်လိုကြောင်း ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားသည်။

နေပြည်တော်၌ ဇွန် ၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် ရခိုင်အမျိုး သားပါတီဝင် ကျောက်ဖြူမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်ပြီး The Daily Eleven  သတင်းစာကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမည်ဆိုပြီးတော့ နိုင်ငံတော်သမ္မတရုံးက စာထုတ်တယ်။ သူတို့ကတော့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်တွေ အများကြီးထုတ်တော့ လုပ်နေတာတွေ့ရတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်တွေမှာ နိုင်ငံခြားသားတွေ ဦးဆောင်ဖွဲ့စည်းတဲ့ ဥပမာ ကိုဖီအာနန် ကော်မရှင်နောက်လည်း ကော်မရှင် တစ်ခုရှိသေးတယ်။ အခု နိုင်ငံခြားသားကြီး တစ်ယောက်နောက်ပြီးတော့ အဖွဲ့ဝင် နှစ်ယောက်ပါတဲ့ ကော်မရှင်ဖွဲ့မယ်ဆိုပြီး လုပ်တယ်။ နိုင်ငံတော်က ပိုက်ဆံအကုန်အကျခံပြီးတော့ လုပ်ရမယ့်လုပ်ငန်းတွေ ဒီလုပ်ငန်းတွေမှာ ဒေသလူတွေရဲ့ သဘောဆန္ဒတွေကို အသိအမှတ်ပြုဖို့လိုတယ်။ ဒေသခံတွေရဲ့ သဘောဆန္ဒကို အသိအမှတ်မပြုဘဲ လုပ်တာတော့တို့က ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်း မရှိဘူး” ဟု ဦးဘရှိန်က ပြောကြားသည်။

ထို့ပြင် ကိုဖီအာနန်ကော်မရှင်ကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ရန် အခွင့်အလမ်းများ၊ လမ်းကြောင်းများ ဖန်တီးပေးထားသည်မှာ လက်တွေ့ဖြစ်ပြီး လမ်းကြောင်းများဖန်တီးသည့်အတွက် မောင်တောဒေသတွင် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ အပြီးသတ်သည့် အခြေအနေမရှိသေးဘဲ ကော်မရှင်တစ်ခု ထပ်မံဖွဲ့စည်းခြင်းသည် ပြည်တွင်းရေးကို နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ရန်အတွက် အခွင့်အလမ်းပေးသည့် ကော်မရှင်အဖြစ် မြင်သော ကြောင့် လက်ခံနိုင်စရာမရှိကြောင်း ဦးဘရှိန်က ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့ စည်းသွားရန်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက မေ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရာတွင် အမျိုးသားအစီအစဉ် တစ်ရပ်အနေဖြင့်မြန်မာအစိုးရသည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင် အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့၏ ကြားဖြတ်အကြံပြုချက်များကိုပါ ထည့်သွင်းစဉ်းစားလျက် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း နှင့် လွတ်လပ်သောကော်မရှင်သည် အာဆာအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ယင်းနှင့်ဆက်နွှယ်သည့် ကိစ္စများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းတို့ ပါရှိသည်။

အဆိုပါကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ဝင် သုံးဦးပါဝင်မည်ဖြစ်ပြီး ကော်မရှင်အား ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာကျွမ်းကျင်သူများက ပံ့ပိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဇွန် ၁ ရက်က ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အစိုးရက လွတ်လပ်သော  စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်း ဆောင်ရွက်သွားရန်ကိစ္စသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့၏ ညွှန်ကြားချက်ကို လိုက်လျောခြင်း ဟုတ်၊ မဟုတ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်အသီးသီးတွင် ရှင်းလင်းအသိပေးရန်တောင်းဆိုကြောင်း၊ ARSA အဖွဲ့၏ အကြမ်းဖက်မှုများကို မည်သည့်အတွက်ကြောင့် စစ်ဆေးမှုမပြုရခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသော မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှု စာချွန်လွှာပါ အသေးစိတ်အကြောင်းအရာ များကို သက်ဆိုင်ရာလွှတ်တော်များက ရှင်းလင်းအသိပေးရန်လည်း တောင်းဆိုကြောင်း ဖော်ပြထားသည်။

 

Most Read

Most Recent