အသက် ၁၃ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသားလူငယ်ထုအတွင်း ဆေးလိပ်၊ ကွမ်းယာစားသုံးမှုနှုန်း မြင့်မားနေသည့်အတွက် ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာနများ ပူးပေါင်း၍ အထူးစီမံချက်ချ ဆောင်ရွက်မည်

အသက် ၁၃ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသားလူငယ်ထုအတွင်း ဆေးလိပ်၊ ကွမ်းယာစားသုံးမှုနှုန်း မြင့်မားနေသည့်အတွက် ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာနများ ပူးပေါင်း၍ အထူးစီမံချက်ချ ဆောင်ရွက်မည်
Published 4 June 2018

ဆေးလိပ်၊ ကွမ်းယာ လက်လီရောင်းချသည့် အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၁၃ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသား လူငယ်ထုအတွင်း ဆေးလိပ်၊ ကွမ်းယာ စားသုံးမှု မြင့်မားနေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အထူးစီမံချက်ချ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်က ပြုလုပ်သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် နေ့စဉ်ဆေးလိပ်သောက်သုံးသူ အမျိုးသားမှာ ၃၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၇ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး နေ့စဉ်ဆေးရွက်ကြီးပါသော ကွမ်းစားသူ အမျိုးသား ၆၂ ရာခိုင်နှုန်းနှင့် အမျိုးသမီးမှာ ၂၄ ရာခိုင်နှုန်းရှိသဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးသူ ရာခိုင်နှုန်းမှာ အလွန်များသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော Global Youth Tobacco Survey အရ အသက် ၁၃ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသား လူငယ်ထုအတွင်း ဆေးလိပ် သို့မဟုတ် ကွမ်းယာ စားသုံးသူ ယောကျ်ားလေးများတွင် ၂၆ ရာခိုင်နှုန်းနှင့် မိန်းကလေးများတွင် လေးရာခိုင်နှုန်း ရှိသဖြင့် ယင်းအချက်များသည် လက်မခံနိုင်သော အခြေအနေ ဖြစ်နေသည့်အတွက် အထူးစီမံချက်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုမှာ တစ်နေ့တခြား တိုးတက်လျက် ရှိသည့်အပြင် ပစ္စည်းအမျိုးအစား စုံလင်ပြီး ထုတ်လုပ်မှု အရေအတွက် တိုးပွားလာသကဲ့သို့ ပစ္စည်းတန်ဖိုးမှာလည်း အာဆီယံနိုင်ငံများ အကြားတွင် အနည်းဆုံးဈေးဖြင့် ဝယ်ယူရရှိနိုင်ကြောင်း၊ ပြည်တွင်း၌ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခါအားလျော်စွာ အခွန်တိုးမြှင့်  ကောက်ခံသည့်တိုင်အောင် တက်လာသည့်ဈေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးလျက် ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှစ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် သုံးစွဲမှု လျော့နည်းကျဆင်းရေးအတွက် ဥပဒေထုတ်ပြန်ပြီး ထိန်းချုပ်မှုများ ဆောင်ရွက်နေသော်လည်း အရေးယူမှု အားနည်းနေကြောင်း သိရသည်။

Most Read

Most Recent