မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာ အတွင်းသို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးကာ ကျော်စောသတင်းရှိ နေအိမ်၂၃ လုံးကို ဖျက်ဆီးခဲ့ပြီး ရှစ်ဦး ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာ အတွင်းသို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးကာ ကျော်စောသတင်းရှိ နေအိမ်၂၃ လုံးကို ဖျက်ဆီးခဲ့ပြီး ရှစ်ဦး ဖမ်းဆီးရမိ
Published 3 June 2018

သတင်းများ ထွက်ပေါ်နေခဲ့သည့် ဇီးအုပ်ကျေးရွာ အတွင်းသို့ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကျော်ဇောသတင်းရှိ နေအိမ် ၂၃ လုံးကို ဖြိုဖျက်နေစဉ် (ပုံကြီး) မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့စဉ် (ပုံသေး)

မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်အချို့ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သတင်းများ ထွက်ပေါ်နေခဲ့သော ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာ အတွင်းသို့ ဇွန်၂ ရက်က ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျော်စောသတင်းရှိ နေအိမ်၂၃ လုံးကို  ဖျက်သိမ်းခဲ့ပြီး တရားခံရှစ်ဦး ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာများတွင် နေအိမ်တစ်ခု အတွင်း၌ မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် မူဗွီဖိုင်အချို့ တက်လာခဲ့သလို အဆိုပါ နေရာ လိပ်စာကိုလည်း ဖော်ပြထားရာ မန္တလေးမြို့တွင် ဓားခုတ်လုယက်မှုများ ဖြစ်ပွားနေခြင်းသည် ထိုကဲ့သို့ လူငယ်အများစု မူးယစ်ဆေးဝါး သုံးစွဲနေမှုများနှင့် ဆက်စပ်နေကြောင်း၊ အဆိုပါ နေရာများကို မူးယစ်ဆေးဝါး ကင်းစင်စေရန် ရှင်းလင်းပေးလိုကြောင်း စသည့် ဝေဖန်မှုများစွာလည်း ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဗီဒီယိုဖိုင် တက်လာပြီးနောက် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်အလိုက် ရဲတပ်ဖွဲ့အသီးသီးမှ လုံခြုံရေးအင်အား အများအပြားဖြင့် ဝင်ရောက်ရှာဖွေမှုများကို ဇွန် ၂ ရက် နံနက်၇နာရီခန့်မှ စတင်၍ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာသို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ရှာဖွေဝရမ်းဖြင့် နေအိမ်များသို့ ဝင်ရောက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ပြီး တရားခံရှစ်ဦး ဖမ်းဆီးရမိထားပြီး စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

“အရင်တုန်းကလည်း ဒီဇီးအုပ်နဲ့ ပတ်သက်ပြီးတော့ အကြိမ်ကြိမ် ဖမ်းဆီးနေခဲ့တာပါ။ ဖမ်းဆီးရမိမှုတွေ ရှိပေမယ့်လည်း အမြစ်မပြတ်ဘူး ဖြစ်နေတာပေ့ါ။ ဒါကြောင့်မို့ အမြစ်ပြတ်အောင်လို့ နယ်လုံဝန်ကြီးရယ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရယ်၊ စည်ပင်သာယာရေးဝန်ကြီးရယ် စတဲ့ပူးပေါင်း လမ်းညွှန်မှုနဲ့ အိမ်တွေကိုဝင်ရှာတယ်။ အရင်ကဆိုရင် ဝင်ရှာပေမယ့် အိမ်ပိတ်ပြီးတော့ ပျောက်သွားတယ်။ တို့ကလည်း အမြဲတမ်းအခြေချပြီး မနေနိုင်တော့ ရဲပြန်သွားရင် ပြန်ရောင်းတယ်။ မပြတ်ဘူး ဖြစ်နေတယ်။ ဒါကိုအမြစ်ပြတ် ချေမှုန်းဖို့အတွက် ကျင့်ထုံးပုဒ်မနဲ့အညီ အိမ်တွေကို ဝင်ရောက်ရှာဖွေတယ်။ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းတွေ တွေ့တယ်။ ဒီအိမ်တွေဟာ ကျူးတွေ ဖြစ်တဲ့အတွက် စည်ပင်သာယာက ဖျက်သိမ်းမှုကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။

လတ်တလော ဖမ်းဆီးမှုများအရ မူးယစ်ဆေးဝါးနှင့်အတူ ရှစ်ဦးထိ ဖမ်းမိထားပြီး ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့သည့် နေအိမ် အလုံး ၂၀ကျော်ကို ဖျက်သိမ်းမှုများ ဆောင်ရွက်နေကြောင်း၊ ယခုကဲ့သို့ ရဲတပ်ဖွဲ့အင်အား အလုံးအရင်းဖြင့် မူးယစ်ဆေးဝါး ကျော်စောနယ်မြေများသို့ ဖမ်းဆီးရာတွင် သတင်းပေါက်ကြားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနိုင်ကြောင်း၊ ဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဝင်ရောက်စစ်ဆေး ဖျက်ဆီးဆောင်ရွက်ခြင်းများကြောင့် လျော့ပါးသွားမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ စီးနင်းခဲ့သည့် ဇီးအုပ်ကျေးရွာသည် ပုသိမ်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့နှင့် အနီးစပ်ဆုံးတည်ရှိပြီး မန္တလေးမြို့၏ ဆင်ခြေဖုံး အစွန်ဆုံး နေရာများဖြစ်သလို ဒုစရိုက်မှု ကျူးလွန်တတ်သူများ ခိုအောင်းလေ့ရှိသည့် နေရာဖြစ်ကြောင်း၊ မန္တလေးမြို့၏ နာမည်ကြီး မူးယစ်ဆေးဝါး ရောင်းချသုံးစွဲမှုများ လက်ခံရာ နေရာအဖြစ် နာမည်ကျော်ကြား လျက်ရှိကြောင်း၊ အဆိုပါ ဇီးအုပ်ကျေးရွာသည် ယခင်အစိုးရ လက်ထက်က အစိုးရပိုင်မြေအဖြစ် ပြန်လည်သိမ်းယူရန် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် နေရာများအနက် တစ်နေရာဖြစ်ပြီး တန်ဖိုးနည်း တိုက်ခန်းများ ရောင်းချပေးထားသဖြင့် မြေပြန်လည် သိမ်းယူရမည် ဖြစ်သော်လည်း ယခုအစိုးရသစ်လက်ထက် ရောက်သည်အထိ ကိုင်တွယ်မှု လုံးဝမရှိသေးသည့် နေရာဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent