ဂျပန် အိုဒီအေချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဇူလိုင်တွင် စတင်မည်

ဂျပန် အိုဒီအေချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဇူလိုင်တွင် စတင်မည်
Published 2 June 2018

ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လာမည့်ဇူလိုင်တွင် စတင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၆၄ ဘီလျံ သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ အရှည်မှာ ၃၈၅ ဒသမ ၅ မိုင်ရှည်လျားပြီး သယ်ယူပို့ဆောင်ရေးအနေနှင့် အမြန်ရထား ခြောက်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်- နေပြည်တော် အစုန်အဆန် လေးစင်းတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

“တင်ဒါခေါ်တဲ့အခါ လုပ်ငန်းစဉ်တွေ မမှားအောင်၊ မကြာသင့်တာ မကြာအောင် ကြီးကြပ်ရပါတယ်။ဒီလမ်းပိုင်း အဆင့်မြှင့်တင်ဖို့ကို၂၀၁၇ ခုနှစ်တည်းက အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်ခဲ့တာပါ။ လာမယ့် ဇူလိုင်မှာ စီမံကိန်းကို စတင်လုပ်ဆောင်မှာဖြစ်ပြီး လိုအပ်တဲ့လမ်းပိုင်းပြင်ဆင်မှု အပိုင်းတွေကို စတင်တော့မှာပါ” ဟု မြန်မာ့မီးရထား (စီမံကိန်းအဖွဲ့) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းပြင် အိန္ဒိယနိုင်ငံမှ ရထားစက်ခေါင်း အသစ်များကိုလည်း ဝယ်ယူထားပြီး အဆိုပါစက်ခေါင်းများကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

Most Read

Most Recent