GSP အခွန်သက်သာခွင့်အပြင် မြန်မာ့ဆန်ဈေးမှာ အိမ်နီးချင်းနိုင်ငံများထက် သက်သာသောကြောင့် ယခုနှစ်အတွင်း EU ၏ ဆန်ဝယ်ယူမှု ယခင်ထက် တစ်ဆခွဲမြင့်တက်

GSP အခွန်သက်သာခွင့်အပြင် မြန်မာ့ဆန်ဈေးမှာ အိမ်နီးချင်းနိုင်ငံများထက် သက်သာသောကြောင့် ယခုနှစ်အတွင်း EU ၏ ဆန်ဝယ်ယူမှု ယခင်ထက် တစ်ဆခွဲမြင့်တက်
Published 2 June 2018

ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ဥရောပသမဂ္ဂ (EU) ၏ GSP အခွန်သက်သာခွင့်အပြင် မြန်မာ့ဆန်ဈေးမှာ အိမ်နီးချင်းနိုင်ငံများ၏ ဆန်ဈေးနှုန်းထက် သက်သာသောကြောင့် ယခုနှစ်အတွင်း အီးယူအနေဖြင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှု တစ်ဆခွဲခန့်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

“အခုလက်ရှိက EU ကို တော်တော်သွားတယ်။ အိမ်နီးချင်းနိုင်ငံတွေ ထိုင်းတို့ ကမ္ဘောဒီယားတို့ရဲ့ ဈေးတွေက မြင့်နေတယ်။ မြင့်နေတဲ့အခါကျတော့ မြန်မာပြည်ကဘာပဲဖြစ်ဖြစ် သူတို့နဲ့နှိုင်းယှဉ်ရင် ဈေးနှုန်းကသက်သာတယ်။ အရည်အသွေးကလည်း အခြေခံအဆောက်အအုံတွေ တိုးတက်လာတဲ့အတွက် အရည်အသွေးမြင့်လာတဲ့အခါကျတော့ EU က ဒီနှစ်မှာ တော်တော်လေး သိသိသာသာ ဝယ်လာတယ်။ အရင်ကတန်ချိန်နှစ် သိန်းလောက်ပဲသွားတယ်ဆိုရင် အခုဆို သုံးသိန်း၊ သုံးသိန်းခွဲလောက်ရှိတယ်” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

အီးယူနိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) သည် ဖွံ့ဖြိုးပြီး နိုင်ငံများမှ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်သက်သာခွင့် အထူးအခွင့်အရေးကို မြန်မာနိုင်ငံသို့ ပေးအပ်ထားသည့်အတွက် မြန်မာနိုင်ငံမှ ဆန်များကို EU နိုင်ငံများဘက်သို့ တင်သွင်းမည်ဆိုပါက အခွန်ကင်းလွတ်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ တင်ပို့နေသော ဆန်များသည် ပြည်ပသို့ ဆန်အဓိကတင်ပို့နေသည့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ဆန်များနှင့် နှိုင်းယှဉ်ပါက အရည်အသွေးကွာခြားမှု နည်းလားခြင်းအပြင် ဈေးနှုန်းအားဖြင့်လည်း ဆန်တန်ချိန် တစ်တန်ကို အနိမ့်ဆုံး ၁၅ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ သက်သာသောကြောင့် အီးယူနိုင်ငံများဘက်မှ ယခုကဲ့သို့ ဝယ်လိုအားမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

“GSP အခွင့်အရေးတစ်ခုရယ် ကမ္ဘောဒီးယားရဲ့ အခြေခံဆန်ဈေးနှုန်းက မြင့်တယ်။ ကျွန်တော်တို့နိုင်ငံနဲ့ယှဉ်လိုက်ရင် အရည်အသွေးကလည်း ကျွန်တော်တို့နိုင်ငံက တက်လာတယ်။ ဈေးနှုန်းကယှဉ်လိုက်ရင် အရည်အသွေးကလည်း မကွာဘဲနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ဈေးက သက်သာတယ်။ ဒါကြောင့်မို့ GSP အခွင့်အရေးချင်းအတူတူတောင် ကျွန်တော်တို့ဆီမှာ ပိုပြီးတော့ ပြောင်းဝယ်လာတယ်။ တစ်တန်ပေါ်မှာ ငါးမှတ် ၁၀ မှတ်ဆန် တွေဆိုရင် တစ်တန်ပေါ်မှာ ၁၅ ဒေါ်လာနဲ့ ၂၅ ဒေါ်လာကြားမှာ ကွာပါတယ်” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။