အောင်မင်္ဂလာအဝေးပြေး ကားဝင်းအရှေ့ ရေမြောင်းထဲ၌ အမျိုးသားအလောင်းတွေ့ရှိ

အောင်မင်္ဂလာအဝေးပြေး ကားဝင်းအရှေ့ ရေမြောင်းထဲ၌ အမျိုးသားအလောင်းတွေ့ရှိ
Published 30 May 2018

ရေမြောင်းအတွင်းမှ တွေ့ရှိရသော အမျိုးသားအလောင်းအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ - ထင်လင်းအောင်)

မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်း ဂိတ်ပေါက် (၂) ရှေ့ ရေမြောင်းထဲ၌ အမျိုးသားအလောင်း တွေ့ရှိမှု မေ ၂၉ ရက် နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်း အရှေ့ဂိတ်ပေါက် (၂) ရေမြောင်းထဲ၌ နံနက် ၉ နာရီဝန်းကျင်တွင် စည်ပင်ဝန်ထမ်းများက သန့်ရှင်းရေး ပြုလုပ်နေစဉ် အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး အလောင်းအား စတင်တွေ့ရှိခဲ့ကြောင်း ဂိတ်ပေါက် (၂) တွင် ဈေးရောင်းချနေသူ တစ်ဦးက ပြောကြားသည်။

“ရေမြောင်းအတွင်း စည်ပင်ဝန်ထမ်းတွေက သန့်ရှင်းရေး ပြုလုပ်နေရင်း အမျိုးသား အလောင်းကို စတင်တွေ့တာပါ။ သေဆုံးနေတဲ့ အမျိုးသားက အင်္ကျီအဖြူ ဝတ်ဆင်ထားတယ်။ အသက် ၂၀ ကျော်အရွယ် လူငယ်ပိုင်း ဖြစ်ပါတယ်။ အလောင်းကိုတော့ တာဝန်ရှိသူတွေ စစ်ဆေးရာမှာလည်း ပြင်ပဒဏ်ရာတွေ မတွေ့ခဲ့ရပါဘူး” ဟု ဂိတ်ပေါက် (၂) တွင် ဈေးရောင်းချနေသူ တစ်ဦးက ဆိုသည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၂၂ နှစ်အရွယ် မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းအပိုင်း ၅ သုခိတာလမ်း ၅/၆တွင် နေထိုင်သူ ဖြစ်ကြောင်း၊ အလောင်းအား မြောက်ဥက္ကလာ မေဓာဝီဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

“မနက် ၉ နာရီဝန်းကျင်က အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှေ့ အလောင်းပေါ်လို့ ကျွန်တော်တို့ ပုလဲမီးသတ်အဖွဲ့ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့တယ်။ အလောင်းက အသက် ၂၂ အရွယ် အမျိုးသား အလောင်းပါ။ သူကိုတော့ မေဓာဝီဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။ အလောင်းမှာ ပြင်ပဒဏ်ရာတွေလည်း မတွေ့ပါဘူး” ဟု ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။