(၁၅) ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီတွင် အက္ခရာ ၄၅ လုံး ရောင်းချခဲ့ပြီး ဆုမဲပေါင်း ၁၂၄၁၈၂ ဆု ဖွင့်လှစ်ပေးမည်

(၁၅) ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီတွင် အက္ခရာ ၄၅ လုံး ရောင်းချခဲ့ပြီး ဆုမဲပေါင်း ၁၂၄၁၈၂ ဆု ဖွင့်လှစ်ပေးမည်
Published 28 May 2018

ရန်ကုန်မြို့တွင်းရှိ အောင်ဘာလေထီရောင်းချသည့်ဆိုင်မှ ပြည်သူတစ်ဦး ထီဝယ်ယူနေစဉ် (ဓာတ်ပုံ - ကြည်နိုင်)

(၁၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် အက္ခရာအလုံးရေကို အနည်းငယ် ပြန်လည်တိုးမြှင့်ထားပြီး ‘က’ အက္ခရာမှ ‘ကဌ’ အက္ခရာအထိ အက္ခရာ အလုံးရေ ၄၅ လုံး ခွဲဝေရောင်းချခဲ့ရာ ဆုမဲပေါင်း ၁၂၄၁၈၂ ဆု ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၁ ရက်တွင် ဖွင့်လှစ်မည့် (၁၅) ကြိမ်မြောက်တွင် ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်းငါးထောင်ဆုနှစ်ဆု၊ ကျပ်သိန်းသုံးထောင်ဆုနှစ်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု ငါးဆု၊ ကျပ်သိန်းငါးရာ ဆုခုနစ်ဆု၊ ကျပ်သိန်းသုံးရာဆု ၁၁ ဆု အပါအဝင် ဆုမဲများ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။ ယခုလဖွင့်လှစ်ပေးမည့် ဆုကြီးအချို့နှင့် ဆုမဲအရေအတွက်မှာ ယခင်လထက် ပိုများလာကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၁၄) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် ‘က’ အက္ခရာမှ ‘ကည’ အက္ခရာအထိ အက္ခရာ ၄၃ လုံး ရောင်းချပေးခဲ့ပြီး ဆုမဲပေါင်း ၁၂၄၁၅၈ ဆု ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

(၁၄) ကြိမ်မြောက်တွင် ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်းငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်းသုံးထောင်ဆုနှစ်ဆု၊ ကျပ်သိန်းတစ်ထောင်ဆု သုံးဆု၊ ကျပ်သိန်း ၅၀၀ ဆု ငါးဆု၊ ကျပ်သိန်း ၃၀၀ ဆု ခုနစ်ဆု၊ ကျပ်သိန်း ၁၀၀ ဆု ရှစ်ဆုနှင့် ကျပ်သိန်း ၅၀ ဆု ကိုးဆုစသည်ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ဆုကြီး အချို့အပါအဝင် ဆုအရေအတွက်ကို အနည်းငယ် လျှော့ချခဲ့ကြောင်း သိရသည်။

အက္ခရာ ၄၇ လုံးရောင်းချပေးစဉ်က ဆုမဲပေါင်း ၁၂၄၂၀၄ ဆုဖွင့်လှစ်ပေးခဲ့ပြီး ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်း ၅၀၀၀ ဆုနှစ် ဆုနှင့် ကျပ်သိန်းသုံးထောင်ဆုသုံးဆု၊ ကျပ်သိန်းတစ်ထောင်ဆု ခြောက်ဆု၊ ကျပ် သိန်း ၅၀၀ ဆု ရှစ်ဆု၊ ကျပ်သိန်း ၃၀၀ ဆု ၁၁ ဆု စသည်ဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ကျပ် ၁၀၀၀ တန် ထီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း သို့မဟုတ် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းမှာတင်ပြထားဆဲသာဖြစ်ပြီး ခွင့်ပြုမပြုဆိုသည်ကို မသိရသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ကျပ်သိန်းတစ်သောင်းဆုကို ရှမ်းပြည်နယ်က အများဆုံးအဖြစ် လေးကြိမ်အထိ ကံထူးရှင်ထွက်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးက နှစ်ကြိမ်၊ မန္တလေးတိုင်းဒေသကြီးက နှစ်ကြိမ်၊ မကွေးတိုင်းဒေသကြီးက တစ်ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးက တစ်ကြိမ်၊ ရခိုင်ပြည်နယ်က တစ်ကြိမ်နှင့် ကရင်ပြည်နယ်က တစ်ကြိမ်စီ ကံထူးရှင် ထွက်ပေါ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နှစ်ကြိမ်မှာ ကံထူးရှင်ကို သိရခြင်းမရှိပေ။