ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ (၁၅) များကို သက်ဆိုင်ရာမြန်မာသံရုံးများသို့ မကြာမီပေးပို့မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ (၁၅) များကို သက်ဆိုင်ရာမြန်မာသံရုံးများသို့ မကြာမီပေးပို့မည်
Published 26 May 2018

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လှိုင်မြို့နယ်ရှိ မဲရုံတစ်ရုံတွင် မဲပေးနေမှုအား တွေ့ရစဉ်

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒ မဲလက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ (၁၅) များကို သက်ဆိုင်ရာမြန်မာသံရုံးများသို့ မကြာမီပေး ပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က The Daily Eleven  သတင်းစာကို ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိ ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) များကို ပေးပို့ရန် နိုင်ငံခြားရေးဝန်ကြီးဌာန သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း သွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

“ပြည်ပမှာ ရောက်နေတဲ့သူတွေပေါ့နော်။ အဲဒါအတွက်ကို ကျွန်တော်တို့ မကြာခင်မှာ နိုင်ငံခြားရေးဌာနတွေ ဘာတွေနဲ့တွေ့ ဖု့ိ ညှိနှိုင်းဖို့ ရှိတယ်။ မဲပေးဖို့ ပုံစံ (၁၅) တွေပို့ဖို့ကို အဲဒါကို ကျွန်တော်တို့ မကြာခင် ဆောင်ရွက်တော့မှာပါ။ သံရုံးတွေကို ဆက်သွယ်ဖို့ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တစ်ဆင့် ဆက်သွယ်မယ်။ အဲဒီတာဝန်ရှိတဲ့သူတွေ ဆွေးနွေးမယ်။ အဲဒီမှာ ကျွန်တော်တို့ ပုံစံ (၁၅) တွေ ပို့မှာပေါ့နော်။ ကြိုတင်မဲပေးနိုင်ဖို့” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် သို့မဟုတ် နေ့ရက်များကို ကြေညာပြီးလျှင်ပြီးချင်း  အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်များထံသို့  ဖြန့်ဖြူးနိုင်ရန် ပုံစံ (၁၅) ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်းပုံစံများကို သက်ဆိုင်ရာ သံရုံးအသီးသီးသို့ ပေးပို့ရမည် ဖြစ်သည်။

နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများသည် ပုံစံ (၁၅)  များကို ဖြည့်သွင်းပြီးပါက သက်ဆိုင်ရာ သံရုံးမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်းပုံစံများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ထပ်မံလွှဲအပ်ရမည်ဖြစ်ကာ ကော်မရှင်မှ စိစစ်၍သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံ ဆက်လက်ပေးပို့ရမည် ဖြစ်သည်။

ယင်းနောက် အဆိုပါပုံစံများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ စိစစ်ပြီးပါက နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်းကို ပုံစံ (၁-၃) ဖြင့် သီးခြားရေးမှတ်ထားမည် ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပြီး အဆိုပါမဲဆန္ဒနယ် (၁၃) နေရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ရှစ်သိန်းကျော်ခန့်ရှိနိုင်ကြောင်း သိရသည်။