ဖားကန့်ဒေသ၌ တွင်းဝခွန်ကောက်ခံမှု စနစ်မကျမှုအပေါ် ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

ဖားကန့်ဒေသ၌ တွင်းဝခွန်ကောက်ခံမှု စနစ်မကျမှုအပေါ် ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် မေးမြန်း
Published 25 May 2018

ဖားကန့်ဒေသ၌ တွင်းဝခွန်ကောက်ခံမှု စနစ်မကျမှုအပေါ် ပြည်နယ်လွှတ်တော်တွင် ဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက မေးမြန်းခဲ့ကြောင်း သိရသည်။

၎င်းက ကျောက်မျက်ရတနာတွင်းဝခွန် ကောက်ခံရေးအဖွဲ့အား ဒေသခံများဖြင့် ရွေးချယ်၍ ကော်မတီတစ်ရပ်ဖွဲ့စည်းပေးရန် အစီ အစဉ်ရှိ၊ မရှိ ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက “မနေ့က အစိုးရအဖွဲ့နဲ့ ဝန်ကြီးတွေ ဆွေးနွေးခဲ့တဲ့အတိုင်း တင်ပြမှာဖြစ်ပါတယ်။ တွင်းဝခွန် ကောက်ခံဖို့ ကျွန်တော်တို့ အမျိုးသား၊ ပြည်သူ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို ၂၀၁၇ ခုနှစ်မှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အခြားသော ပြည်သူ့၊ အမျိုးသားတွေဆိုရင် တွင်းဝခွန်ကိစ္စအတွက် မဆောင်ရွက်နိုင်လောက်အောင် အချိန်မပေးနိုင်ကြတာကိုလည်း တွေ့ရပါတယ်။ အခုက ကျွန်တော်တို့ တွင်းဝခွန်ကို ကုမ္ပဏီက လာကောက်ခိုင်းမှ  သွားကောက်ရတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။နောက်ပြီး ဂိုဒေါင်ထဲရောက်မှ၊ နောက်ပြီးဖြတ်ပြီးမှ သွားကောက်ရတဲ့အခြေအနေဖြစ်ပါတယ်။ သွားကောက်တော့လည်း မှန်းတာက တစ်မျိုး၊ တွေ့မြင်ရတာက တစ်မျိုးဖြစ်ပါတယ်။တချို့ကုမ္ပဏီတွေက ကျွန်တော်တို့ သွားတွေ့တာ အရည်အသွေးမပြည့်တဲ့ကျောက်တွေကိုပဲ တွေ့ရလို့ သိန်းထောင်ချီပြီးတန်တဲ့ကားတွေသုံးပြီး ကျောက်က တန်ဖိုးနည်းလွန်းလို့ အံ့သြရပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မအားလပ်တဲ့ အချိန်များတဲ့အတွက် ဒေသခံနားလည်တတ်ကျွမ်းသူတွေကို တာဝန်ယူ၊ တာဝန်ခံမှုဖြင့် တာဝန်ပေးဖို့လိုမယ်လို့ ကျွန်တော်မြင်ပါတယ်။ နောက်ပြီး အလေအလွင့်ဖြစ်ရင်လည်း နိုင်ငံတော်က များစွာနစ်နာပါတယ်။ ဒါကြောင့် မေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်” ဟု လွှတ်တော်တွင် တင်ပြခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် က ဖြေကြားရာတွင် ၁၉၉၅ ခုနှစ် မြန်မာ ကျောက်မျက်ရတနာ ဥပဒေအရသော်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ပြင်ဆင်သည့် ဥပဒေအရသော်လည်းကောင်း တွင်းဝခွန်ကောက်ခံရေး  ကော်မတီလေးခု ဖွဲ့စည်းခဲ့ကြောင်း၊ အရပ်သားသုံးဦးအထိ ပါဝင်နေကြောင်း၊ ကော်မတီသုံးခုတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေကြောင်း၊ ထို့ကြောင့် မေးခွန်းနှင့်စပ်လျဉ်း၍ ဒေသခံများဖြင့် ကော်မတီတစ်ရပ်ဖွဲ့ စည်းရန် အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့သည်။ ယင်းဖြေကြားချက်ကို မေးခွန်းမေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ်က စောဒကတက်သဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းကိစ္စကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ကြရန် တိုက်တွန်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းနှင့် သီးခြားတွေ့ဆုံရာတွင် တွင်းဝခွန်ကောက်ခံရေးသည် ကျောက်မျက်လုပ်ငန်းတွင် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ကြောင်း၊ ကျောက်စိမ်းထွက်သည်နှင့် ကျောက်စိမ်းတုံးကို မှတ်ပုံတင်ခြင်းသာဖြစ်ကြောင်း၊ မှတ်ပုံတင်မလုပ်ထားသည့် ကျောက်စိမ်းသည် နိုင်ငံတော်သို့  တရားဝင်ပြန်ရောက်လာစရာမရှိကြောင်း၊ ယင်းကိစ္စကို စနစ်တကျမကိုင်တွယ်ပါက တန်ဖိုးကြီးမားသည့် ကျောက်မျက်ရတနာများ ဆုံးရှုံးနိုင်သည့်အခြေအနေဖြစ်ကြောင်း၊ ဆုံးရှုံးခဲ့သည်များလည်း ရှိနေသည်ကို အားလုံးသိကြပြီးဖြစ်ကြောင်း၊ ယခုကိစ္စရပ်နှင့် ပတ်သက်ပြီး ဥပဒေအရ ဆက်လက်ကိုင်တွယ်နိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မတ် ၂၈ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဝန်ကြီး ဦးHလအောင်က “၁၉၉၅ ခုနှစ်  မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီးနောက် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်နိုင်ရန် နိုင်ငံသားလုပ်ငန်းရှင်များကို ထုတ်ပေးခဲ့ပါတယ်။ မြန်မာကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေအရ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆက်လက်ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လုပ်ကွက်သစ်ချခြင်း၊ သက်တမ်းတိုးခြင်းများကို ရပ်နားခဲ့ပါတယ်။  ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေက တူးဖော်ရရှိတဲ့ ကျောက်စိမ်းရိုင်းကို သက်ဆိုင်ရာ တန်ဖိုးဖြတ်အဖွဲ့မှာ ပြသ၍ မှတ်ပုံတင်ခြင်း၊ ရတနာအခွန်ပေးဆောင်ခြင်းတို့ကို ဆောင်ရွက်ပြီးပါက ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုမော်တော်ယာဉ် ဖြင့် သယ်ဆောင်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လုံခြုံရေးခွင့်ပြုချက်ဖြင့် ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း) မှ မြန်မာကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော်နှင့် မြစ်ကြီးနားမြို့များသို့ သယ်ဆောင်ခွင့်ပြုခြင်းများကို ဆောင်ရွက်နေပါတယ်။ ခွင့်ပြုချက်ရရှိသူက ရတနာခွန်ပေးဆောင်ပြီးမှသာ သယ်ယူခွင့်ရရှိတာဖြစ်ပါတယ်။ တန်ဖိုးဖြတ်အဖွဲ့က ကျောက်စိမ်းရိုင်းကို သတ်မှတ်တန်ဖိုး ရာခိုင်နှုန်း ၂၀၊အခြားကျောက်မျက် ရတနာများကို သတ်မှတ်တန်ဖိုး ၁၀ ရာခိုင်နှုန်း ရတနာခွန် ကောက်ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ အကျိုးတူလုပ်ကွက်ကနေ ၂၁၁၉ သန်းကျော်၊ ပုဂ္ဂလိကလုပ်ကွက်ကနေ ၄၆၁၇ သန်းကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ အကျိုးတူလုပ်ကွက်ကနေ ၈၁၆၆ သန်းကျော်၊ ပုဂ္ဂလိကလုပ်ကွက်ကနေ ၈၂၁၂ သန်းကျော်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အကျိုးတူလုပ်ကွက်ကနေ ၁၀၆၇၄ သန်းကျော်၊ ပုဂ္ဂလိကလုပ်ကွက်ကနေ ၉၆၂၇ သန်းကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဖေဖော်ဝါရီလအထိ) မှာ အကျိုးတူလုပ်ကွက်ကနေ ၈၃၀၀ သန်းကျော်၊ ပုဂ္ဂလိက လုပ်ကွက်ကနေ ၁၂၁၃၃ သန်းကျော် ရရှိထား ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ယခုနှစ်အထိ ရတနာခွန်၊ တွင်းဝခွန် ကျပ်သန်းပေါင်း ၅၅၅၄၇ သန်းကျော် ကောက်ခံရရှိထားပါတယ်” ဟု ဖြေကြားခဲ့သည်။