ပခုက္ကူသီးနံှဈေးကွက်အတွင်း ပဲတီစိမ်းတစ်တင်း ကျပ် ၄၀၀၀၀ အထက် ရောက်ရှိသွားပြီး ပဲစင်းငုံသီးနှံမှာ တစ်တင်းလျှင် ကျပ် ၁၄၅၀၀ ဖြင့် ဆက်လက်ရောင်းဝယ်နေ

ပခုက္ကူသီးနံှဈေးကွက်အတွင်း ပဲတီစိမ်းတစ်တင်း ကျပ် ၄၀၀၀၀ အထက် ရောက်ရှိသွားပြီး ပဲစင်းငုံသီးနှံမှာ တစ်တင်းလျှင် ကျပ် ၁၄၅၀၀ ဖြင့် ဆက်လက်ရောင်းဝယ်နေ
Published 25 May 2018

ပခုက္ကူမြို့ရှိ သီးနှံပွဲရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ပခုက္ကူသီးနံှဈေးကွက်အတွင်း အသစ်ဝင်ရောက်နေဆဲဖြစ်သည့် ပဲတီစိမ်း (စိမ်းကြီး) မှာ တစ်တင်းကျပ် ၄၀၀၀၀ အထက်ရောက်ရှိသွားပြီး ပဲစင်းငုံသီးနှံမှာ တစ်တင်းလျှင် ကျပ် ၁၄၅၀၀ ဖြင့် ဆက်လက်ရောင်းဝယ်နေကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

မြစ်ရေဝင်ကျွန်းမြေများမှ ထွက်ရှိသည့် ပဲတီစိမ်း (စိမ်းကြီး)မှာ ဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်တွင် တစ်တင်းလျှင် ကျပ် ၃၆၀၀၀ ခန့်ပေါက်ဈေးရှိခဲ့ပြီး ဝယ်လက်များပြားလာခြင်းကြောင့် မေ ၂၄ ရက် ဈေးကွက်တွင် တစ်တင်းလျှင် ကျပ် ၄၀၉၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“ရေသွင်းစိမ်းကြီး ပဲတီစိမ်းအသစ်တွေက အဝင်များလာပါပြီ။ တစ်နေ့ကို အိတ်ရေ ၁၅၀၀ ကနေ ၂၀၀၀ လောက်ထိ ဝင်နေပါပြီ။ အရောင်းအဝယ်အနေနဲ့ နှစ်တိုင်းလိုပဲ မန္တလေး တရုတ်လက်တွေ ဝယ်နေကြပါတယ်။ အရောင်းအဝယ်ကောင်းနေတော့ ဈေးတက်လာပါတယ်။ အရင်တစ်တင်း ကျပ် ၄၀၀၀၀ အောက် ရောင်းဝယ်နေတာကနေ ဒီရက်ပိုင်းမှာ ကျပ် ၄၀၀၀၀ အထက် ရောက်သွားပါတယ်။ ဒီနှစ်ရာသီဥတုက သီးနှံဖြစ်ချိန်မှာ ပုံမှန်အတိုင်းဆိုတော့ အရည်အသွေးပိုင်း မနိမ့်ပါဘူး။ ဈေးလည်း သိပ်မကျနိုင်သေးပါဘူး။ လက်ရှိဈေးကွက်အရ တောင်သူတွေ အကျိုးရှိပါတယ်” ဟု ပခုက္ကူမြို့ ကုန်သည်ပွဲစားများ အသင်းအတွင်းရေးမှူး ကိုစိန်လွင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံအထွက်နှုန်းလျော့ကျခြင်း၊ သီးနှံဈေးကျဆင်းခြင်း၊ လုပ်သားရှားပါးခြင်းနှင့် ကမ်းပြိုမှုများကြောင့် စိုက်ပျိုးမြေ ဆုံးရှုံးခြင်းများကြောင့် ယခုနှစ်တွင် ပုံမှန်စိုက်ဧကထက် ရာခိုင်နှုန်း ၃၀ ခန့်လျော့ကျခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ တန်နှစ်သိန်း ဝယ်ယူမည့် ပဲစင်းငုံသီးနှံမှာ ဈေးနှုန်းထပ်မံ မြင့်တက်လာခြင်းမရှိတော့ဘဲ တစ်တင်းလျှင် ကျပ် ၁၄၅၀၀ ဝန်းကျင်ဖြင့်သာ ဆက်လက်ရောင်းဝယ်နေပြီး ပဲလက်ကျန်အဟောင်းများ အရောင်းအဝယ်ပိုများကြောင်း သိရသည်။

“ပဲစင်းငုံအနေနဲ့ကတော့ အေးအေးပါပဲ။ ဈေးထပ်ပြီး တက်မလာတော့ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်တင်းကို ကျပ် ၃၀၀၀ လောက်တက်ပြီးတဲ့နောက် ဈေးပြန်ငြိမ်သွားပါတယ်။ အရောင်းအဝယ်လည်း အေးသွားပါတယ်။ ရောင်းသူနည်းနည်း ဝယ်သူအေးအေးပါပဲ” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုမျိုးအေးက ဆိုသည်။

အိန္ဒိယနိုင်ငံမှ မတ်ပဲတန် တစ်သိန်းခွဲ၊ ပဲတီစိမ်းတန် တစ်သိန်းခွဲနှင့် ပဲစင်းငုံတန် နှစ်သိန်း ဝယ်ယူမည်ဖြစ်သည့်အတွက် ဈေးနှုန်း အလွန်အမင်းကျဆင်းနေသည့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ပြန်လည်မြင့်တက်လာပြီး ပဲတီစိမ်းသီးနှံမှာမူ တရုတ်နိုင်ငံမှလည်း ဝယ်ယူသည့်အတွက် ပုံမှန်အရောင်းအဝယ်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းခွင့်ကို ကန့်သတ်ခဲ့သည့်အတွက် ပြည်တွင်းပဲဈေးကွက်တွင် မတ်ပဲနှင့်ပဲစင်းငုံဈေးနှုန်းမှာ စံချိန်တင်ကျဆင်းခဲ့ပြီး ရောင်းဝယ်မှု ယာယီရပ်နားခဲ့ရသည်။