လူငယ်သင်တန်းကျောင်းများတွင် ကလေးသူငယ် သင်တန်းသားများ လက်ဖြင့်ရိုက်ခံရခြင်း ခြေဖြင့်ကန်ခံရခြင်းများရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်

လူငယ်သင်တန်းကျောင်းများတွင် ကလေးသူငယ် သင်တန်းသားများ လက်ဖြင့်ရိုက်ခံရခြင်း ခြေဖြင့်ကန်ခံရခြင်းများရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်
Published 23 May 2018

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူငယ်သင်တန်း ကျောင်းများသို့ သွားရောက်စစ်ဆေးရာတွင် အဆိုပါ သင်တန်းကျောင်းများရှိ ကလေးသူငယ်များက ၎င်းတို့ကို လူကြီးအကျဉ်းသားများနှင့် ရောထားခြင်း၊ လက်ဖြင့်ရိုက်ခံရခြင်း၊ ခြေဖြင့်ကန်ခံရခြင်းများ ရှိသည်ဟု ဖြေကြားခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် ဦးစီးသည့် ကြည့်ရှုစစ်ဆေးရေး အဖွဲ့က ဧပြီလနှင့် မေလအတွင်း၌ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်း၊ အမျိုးသမီး သက်မွေးပညာသင်ကျောင်း (နတ်မောက်လမ်းသွယ်) သို့ သွားရောက်စစ်ဆေးခဲ့ပြီး ယင်းကျောင်းများမှ အမှုစစ်ဆေးပြီးနှင့် အမှုစစ်ဆေးဆဲ ကလေးငယ်များနှင့် ကော်မရှင်မှ တာဝန်ရှိသူများ သီးခြားတွေ့ဆုံ မေးမြန်းစဉ်တွင် ကလေးငယ်များက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေး ကော်မရှင်၏ တွေ့ရှိချက်အရ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေ ပုဒ်မ ၃၇ နှင့် နည်းဥပဒေပုဒ်မ ၅၂ အရ ရဲအရာရှိသည် ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသည့် ကလေးသူငယ်များကို ဖမ်းဆီးရာတွင် လိုက်နာရမည့် အချက်များကို ပြဋ္ဌာန်းဖော်ပြထားသော်လည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက စွပ်စွဲခံရသော ကလေးသူငယ်များကို လူကြီးအကျဉ်းသားများနှင့် ရောနှောချုပ်နှောင် ခံရသည်ဟု ကလေးသူငယ် ၉၂ ဦးက ဖြေကြားခဲ့ကြောင်း၊ လက်ဖြင့် ရိုက်ခံရခြင်း၊ ခြေဖြင့်ကန်ခံရခြင်းများ ရှိကြောင်းကိုမူ ကလေးငယ် ၁၉ ဦးက ဖြေကြားခဲ့ကြောင်း၊  အချို့ကလေးငယ်များမှာ ဖမ်းဆီးချုပ်နှောင်ခံရစဉ် နေ့စဉ်စားသောက်ရေးအတွက် အိမ်မှ လာရောက်ပေးပို့ခြင်း၊ အခြားအချုပ်သားများက ဝေငှသဖြင့် စားသောက်ခဲ့ရခြင်းများ ရှိကြောင်း သိရသည်။

ထို့အတူ ကလေးသူငယ်များ အနေဖြင့် ငွေကြေးချို့တဲ့မှု၊ အသိပညာ အားနည်းမှုတို့ကြောင့် ရှေ့နေငှားရမ်းနိုင်ခြင်း မရှိဘဲ ခုခံထုချေခွင့် ဆုံးရှုံးကြောင်း တွေ့ရှိရပြီး အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း ရှေ့နေလိုက်ပါ ဆောင်ရွက်ခွင့် ရရှိသူ ၄၁ ဦး၊ အစိုးရရှေ့နေ လိုက်ပါဆောင်ရွက်သူ နှစ်ဦးသာရှိကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

အလားတူ ကလေးသူငယ်အမှု အများစုကို မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရသော်လည်း သန်လျင်လူငယ် သင်တန်းကျောင်းတွင် ရမန်ကလေးသူငယ် ၁၅၁ ဦးရှိသည့်အနက် ခြောက်လမှ တစ်နှစ်အထိ ကြာမြင့်သူ ၃၃ ဦးရှိကြောင်း၊ တစ်နှစ်မှ တစ်နှစ်ခြောက်လအထိ ကြာမြင့်နေသူ ငါးဦးရှိကြောင်း၊ တစ်နှစ်ခြောက်လနှင့်အထက် ခြောက်ဦးရှိပြီး နှစ်နှစ်အထက် တစ်ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ကျန်ကလေးငယ်များမှာ ခြောက်လအောက် အမှုရင်ဆိုင်ဆဲ ဖြစ်ကြောင်း သိရသည်။

သင်တန်းကျောင်းများ အနေဖြင့် လူမှုဝန်ထမ်း နည်းလမ်းများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက် လျက်ရှိကြောင်း တွေ့ရှိရပြီး ကလေးသူငယ်အများစု ပညာသင်ကြားခွင့်၊ သင့်တင့်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် နေ့စဉ်အာဟာရ မျှတစွာ စားသောက်နေထိုင်လျက် ရှိသည်ကို တွေ့ရှိရကျောင်း၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာ သင်ကြားမှု စုစုပေါင်း ၇၃ ဦးနှင့် ကျောင်းပြင်ပညာ သင်ကြားမှု စုစုပေါင်း ၃၃ ဦးတို့ရှိပြီး အသက်မွေးပညာသင်တန်း ရှစ်မျိုးတွင် သင်တန်းသား ၂၇၆ ဦးကို သင်ကြားပေးနိုင်သည်ဟု သိရှိရကြောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်းတွင်မူ အခြေခံပညာ (မူ/လယ်/ထက်) တက်ရောက် ပညာသင်ယူခွင့်များ ရရှိကြောင်း၊ သင်းတန်းကျောင်းတွင်လည်း ကျောင်းပြင်ပ ပညာရေးနှင့် အသုံးလုံး သင်တန်းများ သင်ကြားပေးလျက် ရှိသော်လည်း အချို့ရမန်ကလေးများ ပညာသင်ကြားခွင့် မရရှိသေးသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်မှုတွင် ပါရှိသည်။

ကလေးသူငယ် ဥပဒေပုဒ်မ ၄၈ အရ ပြစ်ဒဏ်ကျခံပြီး တစ်နှစ်ပြည့်ချိန်တွင် ကလေးသူငယ်၏ အကျင့်စာရိတ္တ အခြေအနေ တိုးတက်ကောင်းမွန်မှုရှိပါက ကလေးသူငယ်အား သက်ဆိုင်ရာ မိဘကလည်းကောင်း၊ အုပ်ထိန်းသူ သို့မဟုတ် ကျောင်းအုပ်ကသော်လည်းကောင်း၊ သက်ဆိုင်ရာ တရားရုံးသို့ ပြင်ဆင်မိန့် လျှောက်ထားနိုင်ခွင့်ရှိကြောင်း၊ ယင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တရားရုံးများကလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ပြစ်ဒဏ် ပြင်ဆင်ချက်အရ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ သင်တန်းသား ၂၅ ဦးကို မိဘအုပ်ထိန်းသူသို့ ပြန်လည်အပ်နှံ နိုင်ခဲ့ကြောင်း သိရသည်။

အထက်ပါ တွေ့ရှိချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးသို့ အကြံပြုတိုက်တွန်းစာ ပေးပို့ထားကြောင်းလည်း သိရသည်။