မြန်မာအမျိုးသား လေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့ အကျိုးတူပူးပေါင်း၍ အမျိုးသား လေကြောင်းလိုင်းများအဖွဲ့ ပြည်တွင်းခရီးစဉ်များ စတင်ပြေးဆွဲ

မြန်မာအမျိုးသား လေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့ အကျိုးတူပူးပေါင်း၍ အမျိုးသား လေကြောင်းလိုင်းများအဖွဲ့ ပြည်တွင်းခရီးစဉ်များ စတင်ပြေးဆွဲ
Published 22 May 2018

မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် ဘိုးရင်းလေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

မြန်မာအမျိုးသား လေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်းတို့ အကျိုးတူပူးပေါင်း၍ အမျိုးသား လေကြောင်းလိုင်းများအဖွဲ့ ခရီးစဉ်များ စတင်ပြေးဆွဲခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ယင်းသို့ အကျိုးတူ ပျံသန်းရာတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ATR 72 လေယာဉ်နှစ်စင်း၊ မန်းရတနာပုံ လေကြောင်းလိုင်းမှ ATR 72 လေယာဉ်နှစ်စင်း စုစုပေါင်း လေယာဉ်လေးစင်းဖြင့် ပျံသန်းသွားမည်ဖြစ်သည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းများအဖွဲ့ အနေဖြင့် မေ ၁၀ ရက်မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ စစ်တွေ၊ ထားဝယ်၊ လားရှိုး၊ တာချီလိတ်၊ မုံရွာ၊ ဟုမ္မလင်း၊ ခန္တီး၊ ကလေးမြို့များသို့ နှစ်ဖက်အကျိုးတူ ပူးပေါင်းပြီး စတင်ပျံသန်း ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

“ဒီလိုအကျိုးတူ ပူးပေါင်းလုပ်ကိုင်လိုက်တော့ ခရီးသွားတွေ အတွက်လည်း သွားရေး လာရေး ပိုပြီးတော့ အဆင်ပြေသွားတာပေါ့။ ကျွန်တော်တို့ရဲ့ ပုံမှန်ခရီးစဉ်တွေလည်း ရှိနေမှာဆိုတော့ ခရီးသွားတွေ အနေနဲ့ အချိန်မရွေး သွားနိုင်ဖို့ ရွေးချယ်ပိုင်ခွင့် အများကြီး ရှိသွားတာပေါ့” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းမှ စီအီးအို ဦးသန်းထွန်းက ပြောကြားသည်။

မန်းရတနာပုံ လေကြောင်းလိုင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလင်းမြတ်ထွန်းကလည်း “ကျွန်တော်တို့ မြန်မာအမျိုးသား လေကြောင်းလိုင်းများအဖွဲ့အဖြစ် ယှဉ်ပြိုင်မှုဆိုတာထက် ပိုပြီးတော့ Network ပိုင်းအရရော Safety ပိုင်းအရရော ပိုမိုပြီးတော့ ဈေးကွက်မှာ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းကို ၁၉၄၈ ခုနှစ်တွင် နိုင်ငံတော်ပိုင်လေကြောင်း Union of Burma Airway အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းအဖြစ် အမည်ပြောင်း၍ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များကို ပျံသန်းခဲ့သည်။ ပြည်ပခရီးစဉ်များ အနေဖြင့် စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်နှင့် ဖူးခက်မြို့များသို့ တိုက်ရိုက်ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

မန်းရတနာပုံ လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် မန္တလေးမြို့အခြေစိုက် လေကြောင်းလိုင်းအဖြစ် ၂၀၁၄ ဖေဖော်ဝါရီတွင် စတင်ပျံသန်း ပြေးဆွဲခဲ့သည်။ မန်းရတနာပုံ လေကြောင်းလိုင်းသည် လက်ရှိတွင် ပြည်တွင်းရှိ လေဆိပ်မြို့ ၁၄ မြို့သို့ ခရီးစဉ်များ ပျံသန်းနေပြီး ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်း သိရသည်။