မြောက်ဦးမြို့နယ် လေးမြို့မြစ်အတွင်း စည်းကမ်းမဲ့ မြစ်ကျောက်ထုတ်လုပ်နေမှုကြောင့် ကမ်းပါးပြိုကျခြင်း၊ ကိုင်းကျွန်းမြေပြိုကျ ဆုံးရှုံးခြင်းများဖြစ်ပေါ်နေပြီး မြစ်ကမ်းတစ်လျှောက် ကျေးရွာများ၏ လူမှုစီးပွားဘ၀ ထိခိုက်နေ

မြောက်ဦးမြို့နယ် လေးမြို့မြစ်အတွင်း စည်းကမ်းမဲ့ မြစ်ကျောက်ထုတ်လုပ်နေမှုကြောင့် ကမ်းပါးပြိုကျခြင်း၊ ကိုင်းကျွန်းမြေပြိုကျ ဆုံးရှုံးခြင်းများဖြစ်ပေါ်နေပြီး မြစ်ကမ်းတစ်လျှောက် ကျေးရွာများ၏ လူမှုစီးပွားဘ၀ ထိခိုက်နေ
Published 21 May 2018

လေးမြို့မြစ်အတွင်း ကျောက်ထုတ်နေသည့် မော်တော်များအား တွေ့ရစဉ် (Photo: Khaing Morn Twan)

လေးမြို့မြစ်အတွင်း စည်းကမ်းမဲ့ မြစ်ကျောက်ထုတ်လုပ်မှုကြောင့် ကမ်းပါးများ အတိုင်းထက်အလွန် ပြိုကျခြင်း ကျေးရွာနယ်မြေများ ဆုံးရှုံးမှုများလာခြင်း ကိုင်းကျွန်းမြေများပေါ်တွင် လုပ်စားနေသော တောင်သူများပိုင် ကိုင်းကျွန်းမြေများ ပြိုကျဆုံးရှုံးခြင်း၊ မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများ၏ လူမှုစီးပွားများ ထိခိုက်လာခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“လေးမြို့မြစ်မှာ ကျောက်ထုတ်ထုတ်တဲ့အတွက် ကျွန်တော်တို့ ပုရိန်ကုန်းကျေးရွာက လယ်မြေတွေ ကမ်းပါးပြိုကျရာမှာ ပါသွားပါတယ်။ ကျွန်တော်တို့ ဇင်္ဂလကုန်းကျေးရွာသားတွေက သက်ဆိုင်ရာကို တိုင်ပေမယ့် ဘာမှညွှန်ကြားတာမရှိလို့ ကျောက်ကို ထုတ်မြဲတိုင်းထုတ်နေပါတယ်။ ကျောက်ထုတ်တဲ့လှေတွေက နေ့ရောညပါ ထုတ်နေတာဖြစ်ပါတယ်။ ညအချိန်ဆိုရင် ကျွန်တော်တို့ ဟန့်တားလို့မရအောင် ဖောက်ခွဲသံတွေတောင် ထွက်ပါတယ်။ ဒီလိုကျောက်ထုတ်တာဟာ လေးနှစ်လောက်ရှိပါပြီ။ အရင်တုန်းက သဘာဝဘေးရေကြီးရေလျှံလို့ ကမ်းပြိုတာက တစ်နှစ်ကို ၁၅ ပေလောက်ရှိပေမယ့် အခုဆိုရင် ပေတစ်ရာကျော်ထိ ကမ်းပြိုတာ ဖြစ်ပေါ်ပါတယ်။ ဒီလိုသာ ဆက်လက်ကျောက်ထုတ်နေမယ်ဆိုရင် ကျွန်တော်တို့ကျေးရွာတောင် ပြောင်းရွှေ့ရမယ့် အနေအထားဖြစ်ပါတယ်။ ကျောက်ထုတ်တဲ့လှေတွေကို ဟန့်တားပေမယ့် သူတို့က သက်ဆိုင်ရာခွင့်ပြုချက်နဲ့ ထုတ်တာလို့ပြောပါတယ်။ ကျွန်တော်တို့က ကမ်းပါးနဲ့ နီးနီးလေးမှာ လာမထုတ်ဖို့ သွားပြောတာပါ။ ကျွန်တော်တို့လိုလားတာက ရွာနားမှာ လာပြီးကျောက်မထုတ်ဖို့နဲ့ ပြိုပျက်သွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးတောင်လိုချင်ပါတယ်။ ဒါနဲ့လည်း ကျွန်တော်တို့ သက်ဆိုင်ရာတိုင်ဖို့ လုပ်နေပါတယ်” ဟု မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာသား ဦးခင်မောင်ဇော်က ပြောသည်။

ပုရိန်ကုန်းကျေးရွာသည် မြောက်ဦးမြို့နယ်အတွင်း လေးမြို့မြစ်ကမ်းပါးတွင် တည်ရှိသည့် အိမ်ခြေ ၆၀ ခန့်ရှိသော ကျေးရွာဖြစ်ပြီး နှစ်စဉ်ကမ်းပါးပြိုမှုကို ခံစားနေရကာ လယ်ယာမြေဆုံးရှုံးနေမှုများ ရှိနေကြောင်းလည်း သိရသည်။ အလားတူ ဇင်္ဂလကုန်း၊ ရှောက်ပုံကျွန်းအစရှိသည့် ကျေးရွာများတွင်လည်း ယင်းသို့ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

တောင်သူလယ်သမားများ ဥပဒေပြု အထောက်အကူပြုကွန်ရက်မှ စီမံကိန်းမန်နေဂျာ ကိုကျော်ထွေးက “အဓိကကတော့ ဒီဒေသခံတောင်သူတွေကို ရိုက်ခတ်မှုတွေက ဒေသခံတွေရဲ့ လယ်မြေတွေ ကမ်းပါးပြိုရာမှာပါနေတယ်။ ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့ ကျောက်ကြီးကျောက်ကို ထုတ်တဲ့အခါမှာ အောက်ခံကျောက်မာမရှိလို့။ နောက်ပြီးတော့ ကျေးရွာရဲ့ကမ်းနဲ့ကပ်ပြီးတော့ စုပ်တဲ့အခါမှာ မြစ်အောက်ခြေမှာ အမာခံကျောက်မရှိလို့ ကမ်းပါးတွေဟာ တစ်နှစ်ထက်တစ်နှစ် ပြိုလာတယ်။ အရင်တုန်းကလည်း သဘာဝဘေးအန္တရာယ်ကြောင့်လည်း ကမ်းပြိုတာရှိတယ်။ ဒါပေမဲ့ မြစ်ကျောက်ထုတ်ပြီးတော့ နောက်ပိုင်းမှာ ပိုပြီးပြိုလာတယ်။ အရင်က နှစ်တောင်လောက်ပြိုပေမယ့် အခုဆိုရင် လယ်ယာမြေတွေဟာ ဧကဝက်၊ တစ်ဧက အဲဒီလိုကမ်းပြိုတာတွေ ဖြစ်လာပါတယ်။ တောင်သူတွေမှာ လုပ်ကိုင်စားသောက်ရာမှာ အခက်အခဲဖြစ်လာတယ်။ ဥပမာ ရှောက်ပုံကျွန်းမှာဆိုရင် ကျောက်ထုတ်လို့ထွက်လာတဲ့ ကျောက်စရစ်ခဲတွေက ကမ်းပေါ်ကိုတင်လာပြီးတော့ အဲဒီကျောက်စရစ်တွေရဲ့ အပူချိန်ကြောင့် စိုက်ပျိုးလို့မဖြစ်တာတွေဖြစ်လာတယ်။ ရှောက်ပုံကျွန်းဆိုရင် ကမ်းပြိုတာဆက်ရှိနေရင် ရွာလည်း ပြောင်းရမယ့်အနေအထားရှိတယ်။ ရှောက်ပုံကျွန်းမှာက လယ်ယာမြေမရှိဘူး။ ကိုင်းကျွန်းမြေမှာ လုပ်စားနေကြတာ။ ဒီကျွန်းကြီးပြိုကျသွားရင် ရွာလည်း ပျောက်သွားမယ့်အနေအထားရှိတယ်။ နောက်ပြီးတော့ ပုရိန်ကုန်းတို့၊ ဇင်ကလကုန်းတို့ဘက်မှာလည်း ကျေးရွာကမ်းပါးပြိုလို့ စိုက်ပျိုးမြေတွေ ဆုံးရှုံးနေတယ်ဆိုတာ လေ့လာသိရှိရပါတယ်” ဟုပြောကြားသည်။

ကျေးရွာသားများက အဆိုပါကျောက်ထုတ်နေသည့် ဘုတ်များအား ဟန့်တားမှုများရှိသော်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။

“ပုရိန်ကုန်းတို့၊ ဇင်္ဂလကုန်းတို့ ရှောက်ပုံကျွန်းတို့က တစ်ရွာလုံး သွားဟန့်တားတာရှိတယ်။ ဒါပေမဲ့ သူတို့ကဟန့်တဲ့အခါမှာ နည်းနည်းလေး ကမ်းကခွာပေးတယ်။ ပြီးရင် လာပြီးထုတ်တယ်။ အများအားဖြင့် သူတို့က ဥပဒေနဲ့အညီ ထုတ်ပေးထားတဲ့လိုင်စင် မရှိဘူးလို့သိရတယ်။ ဒါပေမဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ၊ ဘယ်ကလာစုပ်တာလဲဆိုတာကလည်း ရွာသားတွေမသိကြဘူး။ ဥပမာ ဇင်ဂလကုန်းတို့ဆိုရင် မြို့နယ်ကိုသွားတိုင်တယ်။ မြို့နယ်က တစ်ခါလာပြီးရှင်းပေးတယ်။ ကမ်းကနေ ကိုက်လေးရာအကွာမှာသာ ထုတ်ဖို့ပြောတယ်။ ဒါပေမဲ့ နောက်တော့ကမ်းပါးနားမှာ လာပြီးကျောက်ထုတ်တယ်။ ဒါကို ထပ်တိုင်တော့ လာပြီးဖြေရှင်းအရေးယူပေးတာမရှိဘူးပေါ့နော်။ နောက်ဆုံးသွားဟန့်တားတဲ့အခါ မင်းပြားနယ်က ထုတ်ပေးထားတဲ့ လိုင်စင်တစ်ခုနဲ့ ဘုတ်တစ်စင်းတွေ့တယ်။ နောက်တစ်စင်းမှာကျတော့ မြောက်ဦးမြို့နယ်က ထုတ်ပေးထားတဲ့ ခွင့်ပြုချက်ပုံစံလေးတွေ သွားတွေ့ရတယ်။ မင်းပြားကလူပြောတာက ငါတို့မှာ ခွင့်ပြုချက်ရှိတယ်။ ဒီမှာ လိုင်စင်လို့ပြောတယ်။ ကြည့်လိုက်တော့ မင်းပြားနယ်ဘက်မှာစုပ်ဖို့ ခွင့်ပြုချက်ပေးထားတာ ဖြစ်နေတယ်။ ရွာသားတွေက ကမ်းနားမှာလာမထုတ်ဖို့ မေတ္တာရပ်ခံတယ်။ သူတို့က ဆုတ်ပေးတယ်။ ဒါပေမဲ့ မကြာပါဘူး။ လာပြီး ထပ်စုပ်တယ်” ဟု တောင်သူလယ်သမားများ ဥပဒေပြုအထောက်အကူပြုကွန်ရက်မှ စီမံကိန်းမန်နေဂျာ ကိုကျော်ထွေးက ပြောသည်။

ယင်းကဲ့သို့ ကျောက်ထုတ်နေသည့် ဘုတ် ၁၅ စင်းခန့်ရှိပြီး တစ်နေ့လျှင် ကျောက်သယ်လာသည့် ဘုတ်အစင်းရေ တစ်ရာကျော်ရှိကြောင်းလည်း သိရသည်။ လေးမြို့မြစ်ကြောင်းတစ်လျှောက် ကျောက်ထုတ်သဖြင့် ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်နေသည့် ကျေးရွာအများအပြားရှိကြောင်းလည်း သိရသည်။

ယင်းသို့ တောင်သူများ ထိခိုက်နစ်နာမှုများအား ပြုစုကာ တိုင်ကြားစာကို ရပ်ကျေးအဆင့်မှ ပြည်နယ်အစိုးရထံ သက်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးဌာန၊ သတ္တုတွင်းဌာန၊ ပြည်ထဲရေးဌာနများကိုပါ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က မြစ်ကျောက်ထုတ်တဲ့သူတွေကို သူတို့ရဲ့စီးပွားလည်း မပျက်စီးစေချင်ပါဘူး။ မြစ်ကျောက်ထုတ်တဲ့အခါ ဧရိယာသတ်သတ်မှတ်မှတ် လုပ်ပေးစေချင်တယ်။ တကယ့် ရွာသူရွာသားတွေ လုပ်စားနေတဲ့ လေးမြို့မြစ်တစ်လျှောက်နားမှာ မလုပ်စေချင်ဘူး။ လူသူတွေနဲ့၊ ကျေးရွာတွေနဲ့ ကင်းဝေးတဲ့နေရာမှာ သွားထုတ်စေချင်တယ်။ ဥပဒေနဲ့မညီသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ နစ်နာတဲ့တောင်သူတွေကို ဘုတ်ပိုင်ရှင်တွေက လျော်ကြေးပေးနိုင်အောင် အစိုးရက လုပ်ပေးစေချင်တယ်” ဟု တောင်သူလယ်သမားများ ဥပဒေပြု အထောက်အကူပြုကွန်ရက်မှ စီမံကိန်းမန်နေဂျာ ကိုကျော်ထွေးက ဆိုသည်။