တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခြင်းသည် ထာဝရငြိမ်းချမ်းရေး ရရှိမည်မဟုတ်သလို ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် မျှတအောင် ဆွေးနွေးညှိနှိုင်းမှသာလျှင် တကယ့်ထာဝရငြိမ်းချမ်းရေး ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခြင်းသည် ထာဝရငြိမ်းချမ်းရေး ရရှိမည်မဟုတ်သလို ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် မျှတအောင် ဆွေးနွေးညှိနှိုင်းမှသာလျှင် တကယ့်ထာဝရငြိမ်းချမ်းရေး ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
Published 21 May 2018

မုံရွာမြို့တော် ခန်းမဆောင်တွင် ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် သုံးမြွှာပူးမွေးမိခင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မေ ၂၀ ရက်က တွေ့ရစဉ်

တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခြင်းသည် ထာဝရငြိမ်းချမ်းရေး ရရှိမှာမဟုတ်သလို၊ ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် မျှတအောင် ဆွေးနွေးညှိနှိုင်းမှသာလျှင် တကယ့်ထာဝရငြိမ်းချမ်းရေး ရရှိမှာဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

မေ ၂၀ ရက် နံနက်ပိုင်း မုံရွာမြို့တော် ခန်းမဆောင်တွင် ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် သုံးမြွှာပူးမွေးမိခင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“သမ္မတကြီးက ထုတ်ပြောထားတာလည်းရှိတယ်။ ဒါဟာဘာလည်းဆိုရင် အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး။ ဒါဟာ ကျွန်တော်တို့အစိုးရ စတက်ကတည်းက တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မယ်ဆိုပြီး ထိပ်ဆုံးက ဆောင်ရွက်နေတဲ့တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကနေတစ်ဆင့် စားပွဲဝိုင်းဆွေးနွေးခြင်းနဲ့ အနိုင်ယူမယ်။ တစ်ဖက်နဲ့တစ်ဖက် တိုက်တယ်၊ ခိုက်တယ်ဆိုတာ ခဏလေးငြိမ်သွားမှာ မဟုတ်တာ။ ထာဝရငြိမ်းချမ်းရေးမရနိုင်ဘူး။ ထာဝရငြိမ်းချမ်းရေးအတွက်က မျှတအောင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပြီး အပေးအယူလုပ်ပြီးတော့ မျှတအောင်ဖြစ်သွားမှ ကျွန်တော်တို့ တကယ့်ထာဝရငြိမ်းချမ်းရေးရရှိမယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် တစ်ဖက်သတ်စဉ်းစား၍မရကြောင်း၊ မျှမျှတတစဉ်းစားရမှာဖြစ်ပြီး ကိုယ်ချင်းစာစိတ်ရှိရန်လည်း လိုအပ်ကြောင်း၊ နည်းမျိုးစုံဖြင့် စားပွဲဝိုင်းဆွေးနွေးခြင်းများလည်း လုပ်ဆောင်နေပြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေးကို မကြာခင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဆောင်ရွက်မှုတိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု အစည်းအဝေးပြီးတိုင်းမှာလည်း ပြည်ထောင်စု၏ သဘောတူညီချက် အစိတ်အပိုင်းများလည်း ထုတ်ပြန်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ထုတ်ပြန်ထားသည့် အချက်ပေါင်း ၃၇ ချက် ရှိသွားပြီဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် အချက်များသည် အားလုံးစုစည်းပြီးသွားသည့်အခါမှာ အားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွက်ရေးအတွက်သာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုစိတ်ဓာတ်အား အခြေခံကာ တကယ့်စည်းစည်းလုံးလုံးဖြင့် ပြည်ထောင်စုကြီးအား တည်ထောင်မှာဖြစ်ပြီး၊ တည်ထောင်သည့် ပြည်ထောင်စုကြီးတွင် ဖက်ဒရယ်မူနှင့်သာ သွားမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုတာသည် မိမိဘာသာ အုပ်ချုပ်ပိုင်ခွင့်ရှိသော်လည်း ပြည်ထောင်စုစိတ်ကို အခြေခံထားသည့် အတွက်ကြောင့်မို့လို့ တစ်စိတ်တည်း တစ်ဝမ်းတည်းနှင့်သာ ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ခုလုံးကြီး၏ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စု ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးသာဖြစ်ကြောင်း ၎င်းကပြောကြားသည်။