အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည့်ကာလတွင် တစ်နိုင်ငံလုံး၌ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် ရာသီဥတုဆိုးရွားမှုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်

အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည့်ကာလတွင် တစ်နိုင်ငံလုံး၌ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် ရာသီဥတုဆိုးရွားမှုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်
Published 21 May 2018

အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည့်ကာလတွင် မြန်မာတစ်နိုင်ငံလုံး၌ မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်မှုမှတစ်ဆင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် ရာသီဥတုဆိုးရွားမှုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ယင်းအချိန်များတွင် အကာအကွယ်ရရှိနိုင်မည့် နေရာများတွင် နေထိုင်ခြင်းဖြင့် အန္တရာယ်ကို ကာကွယ်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

လာမည့်နှစ်ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ မှတစ်ဆင့် အနောက်တောင်မုတ်သုံလေ ဝင်ရောက်ဖွယ်ရှိနေပြီး မုတ်သုံလေနှင့်အတူပါလာသည့် ရေခိုးရေငွေ့များ၊ နေ့အပူချိန်တိုးမြင့်နေခြင်းများ၊ လေထုမငြိမ်မသက်မှုများကြောင့် မိုးတိမ်တောင်ဖြစ်စဉ်များ မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်စဉ်များကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းအချိန်များတွင် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် ရာသီဥတုဆိုးရွားမှုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါဖြစ်စဉ်များ ဖြစ်ပွားချိန်သည် နာရီဝက်ခန့်သာ ကြာမြင့်နိုင်သည့်အတွက် မိုးတိမ်တောင်များ ဖြစ်ပေါ်လာသည်ကို တွေ့ရှိပါက ခိုင်ခံ့သောအဆောက်အအုံကဲ့သို့ အကာအကွယ်ရှိသော နေရာများတွင် နေထိုင်ခြင်းဖြင့် ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ကာကွယ်သင့်ကြောင်း သိရသည်။

“မုတ်သုံလေက လာမယ့်နှစ်ရက်လောက်ဆို တောင်ပိုင်းဒေသတွေကို စဝင်တော့မှာပေ့ါ။ အဲဒီကာလတွေမှာက တစ်နိုင်ငံလုံးမှာ ဒီမုတ်သုံလေနဲ့အတူပါလာတဲ့ ရေခိုး၊ ရေငွေ့တွေရယ်၊ လေထုမငြိမ်မသက် ဖြစ်တာပေါ့။ ဒီရက်ပိုင်းမှာ နေ့အပူချိန်တွေကလည်း မြင့်နေတယ်လေ။ ဒီတော့ ညနေပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်လာနိုင်တယ်။ ဖြစ်လာရင် မိုးကြိုးပစ်တာတွေ၊ လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်တယ်။ ဒီအတွက် အဲဒီလိုတွေဖြစ်လာရင် ဒီခိုင်ခံ့တဲ့ အဆောက်အအုံလိုမျိုးတွေမှာ နေထိုင်ပြီးတော့ ကာကွယ်သင့်တယ်။ ဒီဖြစ်စဉ်တွေဖြစ်တာက နာရီဝက်လောက်ပဲကြာမှာ ဆိုတော့လေ” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

မိုးတိမ်တောင်ဖြစ်စဉ်များသည် နွေရာသီကာလတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ပိုမိုအဖြစ်များသော်လည်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည့်ကာလများတွင်မူ မြန်မာတစ်နိုင်ငံလုံး အနှံ့အပြား၌ ဖြစ်ပွားလျက်ရှိပြီး အဆိုပါဖြစ်စဉ်များသည် မုတ်သုံလေဝင်ရောက်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းလျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။

မုတ်သုံကြိုကာလဖြစ်သည့် မေလအတွင်း မိုးတိမ်တောင်များကြောင့် မြန်မာနိုင်ငံ၏ ဒေသအချို့တွင် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းကဲ့သို့သော ရာသီဥတုဆိုးရွားမှုဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်ခဲ့သည့်အတွက် နေအိမ်များအမိုးလန်ခြင်း၊ သစ်ပင်များ ပြိုလဲကျိုးကျခြင်းများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများပါ ရှိခဲ့ကြောင်း သိရသည်။