ရေအားနှင့် ဂက်စ်တို့မှ လျှပ်စစ်ဓာတ်အားပေးရန် အခက်အခဲရှိနေ၍ လက်ရှိတွင် ဒီဇယ်ဆီနှင့်မောင်းပြီး ရန်ကုန်မြို့ကို ဓာတ်အားပေးနေဟုဆို

ရေအားနှင့် ဂက်စ်တို့မှ လျှပ်စစ်ဓာတ်အားပေးရန် အခက်အခဲရှိနေ၍ လက်ရှိတွင် ဒီဇယ်ဆီနှင့်မောင်းပြီး ရန်ကုန်မြို့ကို ဓာတ်အားပေးနေဟုဆို
Published 20 May 2018

ရေအားနှင့် ဂက်စ်တို့မှ လျှပ်စစ်ဓာတ်အားပေးရန် အခက်အခဲများ ရှိသောကြောင့် လက်ရှိအချိန်တွင် ဒီဇယ်ဖြင့် ရန်ကုန်မြို့ကို ဓာတ်အားပေးနေရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မေ ၁၉ ရက်တွင် ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြေကွက်အမှတ် (၁၅ နှင့် ၁၆) တို့၌ Elite Petrochemical Co., Ltd ၏ ရေနံဓာတ်ငွေ့ရည် LPG တာမီနယ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့သည်။

“ဒီနေ့ဆိုရင် ကျွန်တော်တို့ ရန်ကုန်မှာ ဒီဇယ်နဲ့ မောင်းထားရတာ ကျွန်တော်တို့မှာ ဂက်စ်ကလည်း အခက်အခဲ ရှိတယ်။ ဒီအချိန်မှာ ရေအားလျှပ်စစ်ကလည်း အခက်အခဲ ရှိတယ်။ ဒီနေ့ဆိုရင် ကျွန်တော်တို့ ဒီဇယ်နဲ့ မောင်းထားရတာ ရန်ကုန်မြို့ကို။ ဒါတွေက အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါတွေကို ပြေလည်ဖို့ဆိုတာ ကျွန်တော်တို့ ဂက်စ်ကိုလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုက ထည့်မယ်။ ကိုယ့်တိုင်းပြည်က ဂက်စ်ကို မဖြစ်ဖြစ်အောင် ရှာမယ်။ ရအောင်ရှာမယ်။ ကြားထဲမှာတော့ တိုင်းပြည်က ဒီအတိုင်း ငုတ်တုတ်တော့ ထိုင်နေလို့မဖြစ်ဘူး။ ဒါကြောင့်မို့ ကျွန် တော်တို့က LNG ကို သုံးတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ဖြင့် ဖြန့်ဖြူးပေးနေသည့် EPGE National Grip မှ လျှပ်စစ်ကို တစ်ယူနစ်လျှင် ၅၇ ကျပ်နှုန်းဖြင့် ဝယ်ယူ ဖြန့်ဖြူးနေကြောင်း၊ ထိုသို့ ဝယ်ယူဖြန့်ဖြူးရာတွင် အများပြည်သူသုံး အိမ်သုံးမီတာမှာ တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှ ယူနစ် ၂၀၀ အထိ ကျပ် ၄၀ နှုန်း၊ ၂၀၁ ယူနစ်အထက် ကျပ်ငါးဆယ်နှုန်း၊ စက်မှုလုပ်ငန်းရှင်များ စက်မှုလက်မှု စီးပွားရေးလုပ်ငန်းသုံးတွင် ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၇၅ ကျပ်နှုန်း၊ ၅၀၁ ယူနစ်မှ ယူနစ် တစ်သောင်းအထိ ၁၀၀ ကျပ်နှုန်း ၁၀၀၀၁ ယူနစ်မှ ယူနစ် ၅၀၀၀၀ အထိ ၁၂၅ ကျပ်နှုန်းနှင့် ၅၀၀၀၁ ယူနစ်မှ ယူနစ် ၂၀၀၀၀၀ အထိ ၁၅၀ ကျပ်နှုန်းဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှစ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားထားသည်။

 

Most Read

Most Recent