မြန်မာစိန်တလုံး သရက်သီးကို ဈေးကွက်သစ်အနေဖြင့် တောင်ကိုရီးယားနိုင်ငံက သရက်သီးအနှစ် ထုတ်လုပ်ရန် ဝယ်ယူနေ

မြန်မာစိန်တလုံး သရက်သီးကို ဈေးကွက်သစ်အနေဖြင့် တောင်ကိုရီးယားနိုင်ငံက သရက်သီးအနှစ် ထုတ်လုပ်ရန် ဝယ်ယူနေ
Published 20 May 2018

မြန်မာ့သရက်သီးများကို ဈေးကွက်တင်ပို့ရန် ပြင်ဆင်နေစဉ်

မြန်မာစိန်တလုံးသရက်သီး လက်ရှိတင်ပို့နေတဲ့ စင်ကာပူ၊ ထိုင်း၊ ဒူဘိုင်း၊ ဂျာမနီ၊ တရုတ်အပြင် တောင်ကိုရီးယာက သရက်သီးအနစ် ထုတ်လုပ်ဖို့ ဝယ်ယူနေသည်ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောကြားသည်။

“ကုမ္ပဏီတွေက စဝယ်နေကြပြီး အေးဂျင့်တွေကလည်း ဝယ်လာကြပြီး ဈေးကွက်အနေနဲ့က ခိုင်မာလာတယ်။ ပြည်တွင်းမှာလည်း တရုတ်ဈေးကွက်က လာဝယ်နေကြပြီး သရက်စိုက်တဲ့ဒေသတွေမှာ ခြံထဲလာဝယ်နေကြတယ်။ ဈေးကွက်က ပြည်တွင်းဈေးကွက်၊ တရုတ်ဈေးကွက် နောက်အိတ်စ်ပို့ရယ် သုံးခုအပြိုင်ရှိတော့ ဈေးကွက်ကသာ လာစရာရှိတယ်။ သရက်သီးကို ဒီနှစ်အလုံး လိုက်ပို့တာရယ်၊ အစိမ်းပို့တာ စင်ကာပူ၊ ရုရှားရယ်ပို့တယ်။ ကိုရီးယားကနေ သရက်သီး ဝယ်ချင်ပါတယ်။ Fresh Fruit ပေါ့။ အနှစ်ဈေးကွက်က ကိုရီးယားဈေးကွက်ပေါ့။ နေပြည်တော်မှာလည်း ကိုရီးယားက အနှစ်လုပ်တဲ့စက် ထိုင်ထားတာဆိုတော့ အဲဒီမှာလည်း ဝယ်ကြတယ်။ ကိုရီးယားမှာ အနှစ်ထုတ်လုပ်ဖို့အတွက် ဝယ်ကြတာရှိတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက လေတိုက်သွားတဲ့အတွက် ပျက်စီးတာများတယ်။ စစ်ကိုင်းတိုင်း ကျောက်ဆည်နယ်ဘက်တွေမှာ ဆုံးရှုံးမှုများတယ်။ အဲဒီတော့ ကျန်သရက်ကတော့ အရည်အသွေးကောင်းကောင်းနဲ့ ဈေးကောင်းရမယ်လို့ မြင်တယ်” ဟု ကိုကျော်စိုးနိုင်က ဆိုသည်။

အဆိုပါ သရက်သီးတင်ပို့မူတွင် တရုတ်ကို မူဆယ်လမ်းကြောင်းမှတစ်ဆင့် တင်ပို့ပြီး ၂၀၁၇ သရက်ရာသီတွင် သရက်သီးတန်ချိန် နှစ်သိန်းနီးပါးတင်ပို့ခဲ့ပြီး ဈေးနှုန်းအမြင့်ဆုံးမှာ တစ်ဖာလျှင် ယွမ် ၁၇၀ ရပြီး အနိမ့်ဆုံးဈေးမှာ တစ်ဖာလျှင် ၈၀ အထိရကြောင်း သိရသည်။ တရုတ်ပြည်ပို့ခဲ့သည့်အထဲမှာ စိန်တလုံး၊ ဟင်္သာရင်ကွဲအပြင် မယ်သီဆင်ပေါင် သရက်မျိုးတွေပါ စမ်းပြီးပို့နေကြောင်း၊ အဓိကပို့နေသည်မှာ စိန်တလုံးသရက်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များက ရာသီဥတုဖောက်ပြန်မူကြောင့် စိန်တလုံးသရက်သီး ပို့နှုန်းကျခဲ့ကြောင်း၊ စင်ကာပူက အမြဲတမ်းအမှာရှိပြီး တစ်တန်ကို ကွာလတီအကောင်းဆုံးဆို ၁၅ သိန်းရပြီး အနိမ့်ဆုံးဈေး ၁၀ သိန်း ဝန်းကျင်ရကြောင်း သိရသည်။ စင်ကာပူကို တင်ပို့ရာတွင် အသီး၏ ကွာလတီကို အထူးဂရုစိုက်ပို့ရသောကြောင့် လိုသလောက်မရတာတွေရှိကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ တွင် သရက်သီးစိုက် တောင်သူတွေ သရက်သီးကို အရင်နှစ်တွေကထက် အသီးကွာလတီကောင်းအောင် ပြင်ဆင်ထားကြသည်ဟု သရက်စိုက် တောင်သူများထံမှ သိရသည်။

မြန်မာသရက်မျိုးဖြစ်သည့် ဟန်မြင်းမိုရ် စိန်တလုံးသရက်မျိုးကို မြန်မာမျိုးရင်းဖြစ်ကြောင်း မှတ်ပုံတင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် သရက်စိုက်ဧက တစ်သိန်းခန့် တိုးတက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်၌ သရက်စိုက်ဧက တစ်သိန်းခန့်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။

Most Read

Most Recent