မွန်ပြည်နယ်အတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပါက ၁၀ ရက် ကြိုတင်တင်ပြရန်နှင့် ခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောင်ရွက်ရန်ဆိုသည့် ညွှန်ကြားစာအား ပြန်လည်ပယ်ဖျက်ပေးမည်ဟုဆို

မွန်ပြည်နယ်အတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပါက ၁၀ ရက် ကြိုတင်တင်ပြရန်နှင့် ခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောင်ရွက်ရန်ဆိုသည့် ညွှန်ကြားစာအား ပြန်လည်ပယ်ဖျက်ပေးမည်ဟုဆို
Published 20 May 2018

မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်မည်ဆိုပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနရုံးသို့ ၁၀ ရက် ကြိုတင်၍ တင်ပြရန်နှင့် ခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောင်ရွက်ပါရန်ဆိုသည့် ညွှန်ကြားစာအား ပြန်လည်ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက မေ ၁၈ ရက် ညနေ ၅ နာရီခွဲက သတင်းမီဒီယာများအား ယင်းညွှန်ကြားစာနှင့် ပတ်သက်၍ ရှင်းလင်းရာ၌ ထည့်သွင်းပြောကြားသည်။

“ကျွန်တော်တို့ ဧပြီ ၂၃ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဦးဆောင်ပြီးတော့ အပတ်စဉ် လုံခြုံရေးညှိနှိုင်းအစည်းအဝေး လုပ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ဧပြီ ၇ ရက်က ရာမညဟိုတယ်မှာ လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာရှိပါတယ်။ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံခြားသားနှစ်ဦးကနေပြီးတော့ ဆွေးနွေးပို့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးနဲ့ပတ်သက်လို့ လုံ/နယ် ဝန်ကြီးက သိရှိခြင်းမရှိခဲ့တဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးတွေက ကိုယ့်မြို့နယ်ထဲမှာလုပ်တဲ့ ဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ ဝန်ကြီးဆီကို အသိပေးတင်ပြပေးပါဆိုပြီးတော့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အဲဒီဆွေးနွေးချက်အပေါ်မှာ ကျွန်တော်တို့အနေနဲ့က အစည်းအဝေးမှတ်တမ်းတွေ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေကြတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၊ ရဲတပ်ဖွဲ့တို့၊ သတင်းတပ်ဖွဲ့တို့ဆီကို ဖြန့်ဝေပါတယ်။ အဲဒီဖြန့်ဝေလိုက်တဲ့ အစည်းအဝေးမှတ်တမ်းတွေအပေါ်မှာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကောက်နုတ်ချက်အနေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်ကနေမှ ပြည်နယ်အစိုးရအဖွဲ့ထံကို အသိပေးတင်ပြဖို့လိုတယ်ဆိုပြီးတော့ အစည်းအဝေး မှတ်တမ်းကောက်နုတ်ချက် ထုတ်လိုက်ပါတယ်။ အဲဒီကောက်နုတ်ချက် ထုတ်လိုက်တဲ့အပေါ်မှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေပြီးတော့မှ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနဆီကို ဆက်ပြီးတော့ စာသွားထွက်တယ်။ အဲဒီစာမှာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ ၁၀ ရက် ကြိုတင်စာတင်ရမယ်။ ခွင့်ပြုမိန့်ရရှိပြီးမှ ဆောင်ရွက်ခွင့်ပြုမယ်ဆိုပြီးတော့ ဟိုတယ်/ခရီးကို စာထွက်လိုက်တယ်။ တစ်ဖန် ဟိုတယ်/ခရီးကလည်း မေ ၁၆ ရက်ကစပြီးတော့ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းရော၊ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ဟိုတယ်တွေကိုလည်း CSO တွေအနေနဲ့အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် ၁၀ ရက် ကြိုတင်အကြောင်းကြားရမယ်။ ခွင့်ပြုမိန့်ရပြီးမှ ဆက်ပြီးတော့ လုပ်ဆောင်ခွင့်ရမယ်ဆိုပြီး စာထပ်ထွက်သွားတာ ဖြစ်ပါတယ်” ဟု ဦးမြင့်သန်းဝင်းက ရှင်းလင်းပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စကို အသိပေးတင်ပြဖို့အတွက်ကိုပဲ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အသိပေးတင်ပြပေးရန်ဆိုရာမှာလည်း ခွင့်ပြုချက်တောင်းခံပါတယ်။ ကြိုတင်တင်ပြပါဆိုတာမျိုး မဟုတ်ဘူး။ ဥပမာ မော်လမြိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်တယ်။ ဒါကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိတယ်။ ဒါကို သက်ဆိုင်ရာ ခရိုင်ထွေ/အုပ်ကို ဘယ်နေ့၊ ဘယ်ရက်စွဲမှာ၊ ဘယ်ဟိုတယ်မှာ၊ ဘယ်အဖွဲ့အစည်းကနေပြီးတော့ ဘယ်ခေါင်းစဉ်နဲ့ ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ ဒါတွေဖြစ်ပါတယ်။ သိရှိနိုင်ပါရန်ဆိုပြီး အသိပေးတင်ပြဖို့အတွက်ကိုပဲ ဆွေးနွေးခဲ့တာကို သက်ဆိုင်ရာခရိုင်၊ ခရိုင်ကနေမှ မြို့နယ် တစ်ဦးချင်း အကောင်အထည်ဖော်တဲ့အခါမှာ ၁၀ ရက်ကြိုတင်ဖို့တို့၊ ခွင့်ပြုမိန့်ရမှဆိုတို့ဆိုပြီး ဖြစ်သွားတယ်။ တစ်ဦးချင်း အကောင်အထည်ဖော်တဲ့အခါမှာ နားလည်မှုလွဲတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ တစ်ဦးချင်း အကောင်အထည်ဖော်တဲ့အခါမှာ လွဲမှားစွာ ဆောင်ရွက်ခဲ့ကြတယ်လို့ ယူဆရပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent