ရန်ကုန်မှ အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် ရောင်းစားခံရပြီးနောက် ရှစ်လကြာတွင် ထွက်ပြေးလွတ်မြောက်

ရန်ကုန်မှ အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် ရောင်းစားခံရပြီးနောက် ရှစ်လကြာတွင် ထွက်ပြေးလွတ်မြောက်
Published 16 May 2018

 

ရန်ကုန်မှ အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် ရောင်းစားခံရပြီးနောက် ရှစ်လကြာတွင် ထွက်ပြေးလွတ်မြောက်မှု မေ ၁၅ ရက်က အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

မေ ၁၅ ရက်တွင် တောင်ဒဂုံမြို့နယ်၊ (၂၀) ရပ်ကွက်၊ ရွှေဟင်္သာ(၄)လမ်းတွင် နေထိုင်သည့် အသက် ၁၇ နှစ်ရွယ်အမျိုးသမီးတစ်ဦးမှာ တရုတ်နိုင်ငံမှ တရုတ်မယားအဖြစ် ရောင်းစားခံရပြီး ပြန်လည်ရောက်ရှိလာကြောင်း သတင်းရ၍ မ... အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ထို့သို့ စစ်ဆေးမေးမြန်းရာ မ.... သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (ရက်မမှတ်မိ) ဖခင်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် သူငယ်ချင်း မစုစု၏ မိခင်ဖြစ်သူ ဒေါ်အေးသီသီခိုင် ရောက်ရှိလာကြောင်း၊ ဒေါ်အေးသီသီခိုင်က မ...အား တရုတ်နိုင်ငံရှိ ပိုက်ဆံအိတ်ထုတ်လုပ်သည့် စက်ရုံတွင် မြန်မာမိန်းကလေး အလုပ်သမားများ လိုအပ်နေကြောင်း၊ တစ်လလျှင် မြန်မာငွေကျပ် လေး၊ ငါးသိန်းခန့်ရရှိမည်ဖြစ်ကြောင်း၊ ကြိုတင်လုပ်အားခအဖြစ် ငွေကျပ်သိန်း ၂၀ အားထုတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသည်ကို ယုံကြည်သဘောတူခဲ့၍ မူဆယ်မြို့သို့ သွားရောက်ခဲ့သည်။

ထို့နောက် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် မူဆယ်မြို့ ဆင်ဖြူဂိတ်ပေါက်မှတစ်ဆင့်  တရုတ်နိုင်ငံ ကျယ်ခေါင်မြို့သို့ရောက်ရှိခဲ့ကာ ရွှေလီမြို့သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွှေလီမြို့ ပလောင်လူမျိုးအိမ်တွင် ဒေါ်အေးသီသီခိုင်မှ ကျန်ရစ်ခဲ့ပြီး မ....နှင့် ဒေါ်အေးသီသီခိုင်၏ သမီးဖြစ်သူနှစ်ဦးတို့အား အမည်မသိ တရုတ်လူမျိုးက  ဟန်နန်ပြည်နယ်၊ ဗီနန်ဂျာဘတ်မြို့သို့ ခေါ်ဆောင်သွားပြီး မ..... အား ၎င်းမြို့ရှိ တရုတ်လူမျိုး ကိုညီပွားဆိုသူထံ တရုတ်မယားအဖြစ် ရောင်းစားခဲ့သည်။

မ... မှာ တရုတ်ယွမ်ငွေ ၁၃၀၀၀၀ ဖြင့် ကိုညီပွားထံ ရောင်းစားခဲ့ကြောင်း နောက်ပိုင်းမှ သိရှိခဲ့ကြောင်း၊ မ.... သည် ကိုညီပွား ထံတွင် တရုတ်ဇနီးအဖြစ် ရှစ်လခန့် ပေါင်းသင်းခဲ့ရကြောင်း၊ ၎င်းတို့မိသားစုမရှိခိုက် ၂၀၁၈ ခုနှစ် မတ် ၃ ရက်တွင် ထွက်ပြေးခဲ့ရာ ဖူကျင်းပြည်နယ် ဝင်းကျိုမြို့ရှိ တာဝန်ရှိသူများထံ ရောက်ရှိခဲ့ကြောင်း၊ ဝင်းကျိုမြို့ရှိ တာဝန်ရှိသူများမှတစ်ဆင့် မြန်မာနိုင်ငံ မူဆယ်လူကုန်တားရဲတပ်ဖွဲ့သို့ မေ ၉ ရက်တွင် ပို့ဆောင်ပေးခဲ့ကြောင်း၊ ထို့နောက် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှ ရန်ကုန်မြို့သို့  မှန်လုံယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ မေ ၁၀ ရက်တွင် ပြန်လည်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့်  ဒေါ်အေးသီသီခိုင်၊ အမည်မသိ ပလောင်အမျိုးသမီးနှင့် တရုတ်အမျိုးသား သုံးဦးတို့ကို တောင်ဒဂုံမြို့မရဲစခန်းမှ(ပ)၉၆၀/၂၁၀၈၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးပုဒ်မ၂၄/ ၃၂ဖြင့် အမှုဖွင့်ကာ စုံစမ်းအရေးယူဆောင်ရွက်နေကြောင်း သိရသည်။