မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးအပါအဝင် အခြားရောဂါများ လျော့နည်းကျဆင်းရန် ကာကွယ်ကုသရေးဆိုင်ရာနှင့် လိုအပ်သောဆေးဝါးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးအပါအဝင် အခြားရောဂါများ လျော့နည်းကျဆင်းရန် ကာကွယ်ကုသရေးဆိုင်ရာနှင့် လိုအပ်သောဆေးဝါးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 13 May 2018

တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်နှိမ်နင်းရေးလုပ်ငန်း လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးအပါအဝင် အခြားရောဂါများ လျော့နည်းကျဆင်းရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန်နှင့် အဆိုပါရောဂါများကြောင့် သေဆုံးမှုမရှိစေရေးအတွက် ကုသရေးဆိုင်ရာနှင့် လိုအပ်သော ဆေးဝါးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက မိုးရာသီတွင် ဖြစ်ပွားမှုများပြားသည့် သွေးလွန်တုပ်ကွေးရောဂါ၊ လတ်တလော အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါနှင့် ဝမ်းကိုက်ရောဂါ စသည့်ရောဂါများ လျော့နည်းကျဆင်းရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ လိုအပ်သော ဆေးဝါးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိရန်၊ ရောဂါဖြစ်ပွားမှုများ လျော့နည်းကျဆင်းရေးအတွက် ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ စီမံချက်မန်နေဂျာများမှ အဆိုပါရောဂါ အများအပြား ဖြစ်ပွားလေ့ရှိသော တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ ကျေးလက်ဒေသများကို အထူးဂရုပြု၍ ကြိုတင်ဆောင်ရွက်ရန်၊ ဒေသဆိုင်ရာအစိုးရများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်သူများ ပူးပေါင်းပါဝင်၍ သွေးလွန်တုပ်ကွေးကဲ့သို့သော ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အခြေအနေ၊ လိုအပ်သောလူအင်အား၊ ဆေးဝါးပစ္စည်း စသည့်အခြေအနေများကို ခြုံငုံသုံးသပ်၍ မဟာဗျူဟာကျသော နေရာများကို ဦးစားပေးထောက်ပံ့ရန် မှာကြားထားကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု နှစ်စဉ် နှစ်သန်းကျော်အထိရှိလာပြီး ၁၉၅၉ မှ ၂၀၁၀ ပြည့်နှစ် နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆပေါင်းနှစ်ထောင်ကျော် မြင့်တက်လာကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ၁၉၅၅-၁၉၅၉ ခုနှစ် ငါးနှစ်တာအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၀၅ ဦးသာရှိခဲ့ရာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း နှစ်စဉ်လူဦးရေ နှစ်သန်းကျော်အထိ ရောဂါဖြစ်ပွားမှုများ မြင့်တက်လာကြောင်းနှင့် မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုမှာ ၁၉၇၄-၁၉၇၆ ခုနှစ်တွင် လူဦးရေ ၆၀၀၀ ကျော်သာရှိခဲ့ရာ ၂၀၁၅ ခုနှစ်တွင် လူဦးရေ ၄၀၀၀၀ ကျော်အထိ ဖြစ်ပွားမှုမြင့်တက်လာကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံတွင် ၁၉၆၅ ခုနှစ်က ရန်ကုန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ၁၉၆၉ ခုနှစ်မှစ၍ ရောဂါဖြစ်ပွားမှုကို စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း၊ ရောဂါဖြစ်ပွားချိန်မှစ၍ ၁၉၇၀ ပြည့်နှစ်အထိ ရန်ကုန်မြို့တွင်သာ ဖြစ်ပွားမှုရှိခဲ့သော်လည်း ၁၉၇၄ ခုနှစ်တွင် ရန်ကုန်အပါအဝင် မွန်၊ ပဲခူး၊ မန္တလေးတွင် ကူးစက်ပျံ့နှံ့ခဲ့ကြောင်း၊ ထို့နောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးကို ကူးစက်ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ရောဂါဖြစ်ပွားသူများအနက် အသက်ငါးနှစ်မှ ကိုးနှစ်အတွင်းရှိ ကလေးငယ်များမှာ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါအဖြစ်အများဆုံး မြို့နယ်များမှာ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာ၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ဆိပ်ကြီးခနောင်တို၊ တာမွေ၊ ဒလ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်မြို့နယ်များမှာ အများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု နှစ်စဉ်မြင့်တက်လာရာ ပျမ်းမျှတစ်နှစ်လျှင် လူဦးရေတစ်သောင်းကျော်ဖြစ်ပွားပြီး ၆၀ နှုန်း သေဆုံးနေကြောင်းနှင့် ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးများတွင် ဖြစ်ပွားနှုန်းများ ဆက်တိုက်မြင့်တက်လျက်ရှိကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုနှုန်း နှစ်စဉ်မြင့်တက်လာသည့် သွေးလွန်တုပ်ကွေးရောဂါကို ၂၀၁၅ ခုနှစ်မှစ၍ တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှုရသည့် ရောဂါစာရင်းတွင် စတင်ထည့်သွင်းခဲ့ကြောင်း သိရသည်။