မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေး ဆောင်ရွက်ရာတွင် သတင်းပေးများ အမုန်းမခံခြင်းနှင့် ဌာနဆိုင်ရာများ အားနည်းချက်မှာ အခက်အခဲဖြစ်နေကြောင်း စစ်တမ်းအရ သိရ

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေး ဆောင်ရွက်ရာတွင် သတင်းပေးများ အမုန်းမခံခြင်းနှင့် ဌာနဆိုင်ရာများ အားနည်းချက်မှာ အခက်အခဲဖြစ်နေကြောင်း စစ်တမ်းအရ သိရ
Published 12 May 2018

ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေး ဆောင်ရွက်ရာတွင် သတင်းပေးများ အမုန်းမခံခြင်းနှင့် ဌာနဆိုင်ရာများ အားနည်းချက် အခက်အခဲဖြစ်နေကြောင်း ဲ Justic Drum အဖွဲ့၏ စစ်တမ်းအရသိရကြောင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

Justic Drum အဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေးလုပ်ငန်းစဉ် တစ်နှစ်တာ အတွင်း လေ့လာ တွေ့ရှိချက်ဆွေးနွေးပွဲကို တောင်ကြီးမြို့၊ မင်းကံကောင်း စားသောက်ဆိုင်တွင် မေ ၁၁ ရက် ညနေပိုင်း၌ ကျင်းပရာ အရပ်ဘက် အဖွဲ့အစည်းများ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးနှင့် မူးယစ်ဆေးဖြတ်ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Justic Drum အဖွဲ့က တောင်ကြီး၊ ကလောနှင့် ဟိုပုံး စသော မြို့နယ်သုံးခုတွင် မူးယစ်ဆေးဝါး လျော့ကျရေးလုပ်ငန်းများ တစ်နှစ်တာပြုလုပ်ခဲ့သော တွေ့ရှိချက်များကို ဆွေးနွေးခြင်းဖြစ်ကြောင်း၊ လူငယ်တော်တော်များများ မူးယစ်ဆေးစွဲနေပြီး အဆိုပါကိစ္စများကို ရပ်ရွာများက မဆန့်ကျင်ရဲကြကြောင်း၊ မူးယစ်ကိစ္စ ငွေကုန်ကြေးကျများကြောင်း၊ တောင်ကြီး၊ တောင်လေးလုံးထောင်၌ အမှု ၁၀၀ တွင် ၈၀ ခန့်သည် မူးယစ်ဆေးဝါးမှုများဖြစ်နေကြောင်း၊ တကယ်မိလိုက်သော အမှုများတွင် လူငယ်လေးများ ဖြစ်နေခြင်း၊ မူးယစ်ဆေးဝါး မူဝါဒကို ပြုပြင်ပြောင်းလဲခြင်းကြောင့် မူးယစ်ဆေးဝါးသုံးစွဲသော အမှုငယ်များတွင် မဖမ်းဆီးဘဲ ပညာပေးခြင်းနှင့် ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဥပဒေကိုပြင်ဆင်လိုခြင်းဖြစ်ကြောင်း  Justic Drum အဖွဲ့မှ ဒါရိုက်တာ ဦးအောင်ဇေက ပြောကြားသည်။

“အမုန်းမခံချင်ဘူး။ ကိုယ်က သတင်းပေးလိုက်ရင် တက်တက်ကြွကြွ လုပ်လိုက်ရင်  မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေ မုန်းမှာ ကြောက်တယ်။ ဒါအဓိကပဲ။ သတင်းစာတွေမှာလည်း တွေ့တယ်။ မူးယစ်ဆေးဝါးတွေ ကြီးကြီးကျယ်ကျယ်မိတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ တရားခံမိတာ မကြားရဘူး။ ထောင်တွေထဲ သွားတွေ့တာလည်း အနည်းအကျဉ်း ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေ လူငယ်တော်တော်များများ တွေ့ရတယ်။ ကျောင်းတွေမှာ နှစ်ပေါင်းများစွာ ဟောပြောပြီးသား၊ နားမဆံ့တော့ဘူး။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဂရုတွေဖွဲ့ချင်တာ။ ဒါပေမဲ့ ဒါက အဟန့်အတား ဖြစ်နေတယ်။ အဲဒီလို အဖွဲ့အစည်းတွေ ဖွဲ့စည်းလို့ မရဘူး။ လုပ်လို့မရဘူး။ ဖြစ်နေတယ်။ ဘာကြောင့် မူးယစ်ဆေးဝါးတွေ ပြန့်နေလဲဆိုတော့ လက်နက်ကိုင်ပဋိပက္ခနှင့် တစ်ဝက်တစ်ပျက် ငြိမ်းချမ်းရေးပဲ။ တကယ် ငြိမ်းချမ်းရေးရအောင် ဖော်ဆောင်နိုင်တယ်ဆိုရင် မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေက နိုင်ငံခြားကနေ ဝင်ကြတာ။ နိုင်ငံခြားမှာ တရားဝင်နဲ့ တရားမဝင် အပေါက်တွေရှိတယ်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းသွားမယ်။ နယ်စပ်မှာလည်း တရားဥပဒေ စိုးမိုးရေး လုပ်နိုင်မယ်ဆိုရင် ဒါတွေက အလိုလို ပျောက်သွားမှာလို့ မြင်တယ်” ဟု Justic Drum အဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေး လုပ်ငန်းစဉ် တစ်နှစ်တာအတွင်း လေ့လာ တွေ့ရှိချက် ဆွေးနွေးပွဲ ဒါရိုက်တာ ဦးအောင်ဇေက ပြောကြားသည်။

Most Read

Most Recent