ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း ပဋိပက္ခဖြစ်ပွားမှုများနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU မေလတတိယပတ်တွင် တွေ့ဆုံဆွေးနွေးမည်

ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း ပဋိပက္ခဖြစ်ပွားမှုများနှင့် ပတ်သက်၍ တပ်မတော်နှင့် KNU မေလတတိယပတ်တွင် တွေ့ဆုံဆွေးနွေးမည်
Published 12 May 2018

ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း ပဋိပက္ခဖြစ်ပွားမှုများနှင့်ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး  (KNU) တို့ မေလတတိယပတ် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ပြုလုပ်ခဲ့သည့် JMC-U အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဒေါက်တာရွှေခါးရ်က  ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“ဒီတစ်ခေါက်မှာလည်း အချင်းချင်း ပြန်လည်ပြီးတော့ အစည်းအဝေးမှာပဲ ညှိနှိုင်းတာမဟုတ်ဘဲနဲ့ အစည်းအဝေးပြင်ပမှာလည်း ညှိနှိုင်းမှုတွေလုပ်ပြီးတော့ ဒီတစ်ခေါက်မှာလည်း ထပ်မံပြီတော့ တွေ့ဆုံနိုင်အောင် စီစဉ်နေတာပေါ့။ ဆိုတော့ အခုကတော့ မေလ တတိယအပတ်အတွင်း အမြန်ဆုံးတွေ့နိုင်ရေးအတွက် ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

မတ်လဆန်းပိုင်းမှစ၍ ဖာပွန်ခရိုင်၌ တပ်မတော်မှ ကားလမ်းဖောက်သည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၅)တို့  ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ဖာပွန်ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့် KNU မှ ထိပ်ပိုင်းခေါင်းဆောင်များသည် မတ် ၂၉ ရက် ( သို့မဟုတ်) ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့၌ တွေ့ဆုံ ညှိနှိုင်းရန် ၁၅ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးက ဆုံးဖြတ်ချက်ချထားသည်။

သို့သော် ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် အခင်းဖြစ်ပွားသည့် နယ်မြေမှ KNU လက်အောက်ခံ KNLA တပ်မဟာ(၅) တပ်မဟာမှူး မပါသဖြင့် ဆွေးနွေးပွဲမှာ  ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

“ဒီနေ့  JMC-U အစည်းအဝေးမှာလည်း သက်ဆိုင်ရာ မြေပြင်တပ်မှူးတွေအပါပေါ့။ ခုနကပြောတဲ့ တပ်မဟာ (၅) ဆိုလည်း တပ်မဟာ (၅) ဘက်က တပ်မဟာမှူးပါ ပါဝင်စေချင်တယ်ပေါ့။  ပါဝင်စေချင်ပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တို့လမ်းဖောက်လုပ်ရတဲ့ ပတ်သက်တဲ့ရည်ရွယ်ချက်ပေါ့။ ဒါလည်း ပြောပြီးဖြစ်ပါတယ်။ နံပါတ် (၁) ကတော့ တပ်တွေရဲ့ အုပ်ချုပ်မှုကိစ္စတွေ ဆောင်ရွက်ဖို့ နဲ့ နောက်တစ်ခုကတော့ လမ်းကြီးတစ်ခု ဖောက်လုပ်တဲ့အတွက်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ဖြစ်တာပေါ့နော်။ ဒေသခံပြည်သူတွေ သုံးစွဲလို့ရမယ်ဆိုတဲ့ အနေအထားအပေါ်မှာ သူတို့လည်း ရည်ရွက်ချက်အမှန်ကိုလည်း ပြောပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလမ်းကို ဖောက်လုပ်နိုင်ရေးအတွက်လည်း ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောလို့ပါတယ်” ဟု JMC-U အတွင်းရေးမှူး(၂) တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုတွင် KNLA တပ်မဟာ (၅) တပ်မဟာမှူးပါ ပါဝင်ရန် အစိုးရဘက်က မေတ္တာရပ်ခံထားကြောင်း ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

“KNU ဘက်ကလည်း သူတို့ MANT လို့ခေါ်တဲ့ (စစ်ဘက်ရေးရာဆွေးနွေးရေးအဖွဲ့)   Military Affairs Negotiation Team ကို ဖွဲ့စည်းထားပါပြီ။ ပြီးတော့ အစိုးရဘက်ကလည်း အထူးသဖြင့် တပ်မတော်ဘက်ကလည်း သူတို့နဲ့ သွားရောက်တွေ့ဆုံဖို့အတွက် အဖွဲ့ တွေ ဖွဲ့လာပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ မေတ္တာရပ်ခံထားကတော့ နယ်မြေခံတပ်မှူးကိုယ်တိုင် ပါလာဖို့ကိုတော့ သူတို့က မေတ္တာရပ်ခံထားပါတယ်” ဟု ဒေါက်တာရွှေခါးရ်က ပြောကြားသည်။

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား ကရင်ပြည်နယ် ဖာပွန်ဒေသအတွင်း စစ်ရေးတင်းမာမှုနှင့်ပတ်သက်၍ အမြန်ဆုံး နှစ်ဖက်ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က မေ ၁၀ ရက်တွင် သဘောထား ထုတ်ပြန်ထားသည်။