လေပြင်းတိုက်ခတ်၍ သက်တမ်းရင့်ညောင်ပင် လဲကျရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရှိမှု ဖြူးမြို့နယ်တွင် ဖြစ်ပွား

လေပြင်းတိုက်ခတ်၍ သက်တမ်းရင့်ညောင်ပင် လဲကျရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရှိမှု ဖြူးမြို့နယ်တွင် ဖြစ်ပွား
Published 11 May 2018

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် မေလ ၁၀ ရက်နေ့ (ယနေ့) ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ခြင်းကြောင့် ဖြူးမြို့ ဘူတာတောင် ရပ်ကွက်ရှိ သက်တမ်းရင့် ညောင်ပင်ကြီးတစ်ပင် ပြိုလဲကျမှု ဖြစ်ပွားခဲ့ပြီး သစ်ပင်အောက်ရှိ ဈေးဆိုင်ခန်းပေါ် ပိကျရာမှ အမျိုးသမီးတစ်ဦး သေဆုံး၍ ၅ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဖြူးမြို့နယ် မီးသတ်ဦးစီးရုံးမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဖြူးမြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ဝင်းက “လူသေကတော့ ပြင်ပဒဏ်ရာတော့ မတွေ့ရဘူးဗျ၊ လူက ၁၉း၀၅ မှာ ကယ်ထုတ်ရရှိတာပေါ့၊ ဆေးရုံကို ချက်ချင်းတင်ပို့လိုက်တယ်၊ လူကြီးကတော့ ၁၉း၂၅ မှာ ကွယ်လွန်သွားတယ်လို့သိရပါတယ် ခင်ဗျ၊ ပြင်ပဒဏ်ရာတော့ မတွေ့ရှိရပါဘူးဗျ၊ ကလေးကတော့ အသက် ၅ နှစ်အရွယ်ပေါ့၊ အဲ့ဒီကလေးကတော့ ဘယ်ဘက်ခြေထောက် ဖိမိဒဏ်ရာနဲ့ အခြေအနေကောင်းပါတယ်ခင်ဗျ” ဟု မေ ၁၀ ရက် ည ၈ နာရီခွဲခန့်က ပြောကြားသည်။