အုတ်တွင်းမြို့နယ် အောင်နန်းတော်ကျောင်းတိုက်တွင် သံဃာအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

အုတ်တွင်းမြို့နယ် အောင်နန်းတော်ကျောင်းတိုက်တွင် သံဃာအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Published 11 May 2018

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် မေ ၉ ရက် ညပိုင်းက ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းမှ သံဃာအချင်းချင်း စကားများရန်ဖြစ်ကြရာမှ လူသတ်မှု ဖြစ်ပွား၍ သံဃာတစ်ပါး ပျံလွန်တော်မူသွားခဲ့ကြောင်း အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သံဃာအချင်းချင်း လူသတ်မှုဖြစ်ပွားသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုက “အသတ်ခံရတဲ့ ဦးဇင်းက မူးပြီးတော့ ကျောင်းထိုင်ဆရာတော်ကြီးကိုဆဲလို့ တိုက်အုပ်ဆရာတော်က သွားထိန်းရင်းနဲ့ဖြစ်တာ။ အရက် သေစာသောက်စားပြီး မူးနေတဲ့ တောထွက်ဦးဇင်းက သေသွားတာလေ၊ ဒဏ်ရာကတော့ ဦးခေါင်းထိပ်တစ်ချက်၊ ညာဘက် မျက်လုံးမှာ ညိုမည်းဒဏ်ရာက တစ်ချက်၊ ဝဲယာရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာက တစ်ချက်စီပေါ့။ နောက်ပြီး ယာဒူးပေါက်ပြဲတာက လေးချက် မနေ့ညက ၁၀ နာရီကဖြစ်တာ ဖမ်းထားပါပြီ။ ၃၀၂ နဲ့ပါ ”ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၉ ရက် ည ၁၀ နာရီ ဝန်းကျင်က အုတ်တွင်းမြို့နယ် ပေါက်တော ကျေးရွာအုပ်စု ဗောဓိကုန်းကျေးရွာ၊ အောင်နန်းတော် တောရကျောင်းတွင် လူသတ်မှု ဖြစ်ပွားကြောင်း သတင်းအရ အုတ်တွင်း မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးငွေထွန်း ဦးစီးအဖွဲ့တို့ မှ သက်ဆိုင်ရာတာဝန်ရှိ အသိသက်သေများ နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ အသတ်ခံရပြီး သေဆုံးနေသော သံဃာတော်မှာ အောင်နန်းတော် တောရကျောင်းမှ ဥူးသုဇာတ (ခ)စိန်ဝင်း၊ ၄၇ နှစ်၊ ဝါတော် ၆ ဝါ၊ (ဘ)ဦးအောင် မင်းဖြစ်ပြီး ၎င်း၏ ဦးခေါင်းထိပ်တွင် ပေါက်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံး ညိုမည်း ဒဏ် ရာ၊ ဝဲယာ ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ ယာဒူးပေါက်ပြဲဒဏ်ရာများရရှိကာ တောရကျောင်းဝင်းထဲတွင် သေဆုံးနေခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်အား ဆက်လက်စစ်ဆေးရာ သေဆုံးနေသော ဥူးသုဇာတ (ခ) ဦးစိန်ဝင်းသည်အရက်သေစာ သောက်စားမူးယစ်ပြီး ကျောင်းဝင်းအတွင်း လိုက်လံအော်ဟစ် ဆဲဆိုနေသောကြောင့် အဆိုပါကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဥူးကုသလ (ခ) သန်းဇော်၊ ၃၈ နှစ်၊ ဝါတော် ၁၈ ဝါ (ဘ) ဦးကျော်က သွားရောက် ထိန်းသိမ်းရာမှ စကားများရန်ဖြစ်ခဲ့ကြပြီး တိုက်အုပ်ဆရာတော် ဥူးကုသလက အသင့်ပါလာသော သစ်သားတုတ်ဖြင့် ဥူးသုဇာတ၏ဦးခေါင်းအား ရိုက်ခဲ့သည့်အပြင် ဓားမြှောင်ဖြင့် ထိုးခဲ့ရာမှသေဆုံးခြင်းဖြစ်ကြောင်း အုတ်တွင်းမြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ ဥူးသုဇာတ(ခ)စိန်ဝင်း၏ အလောင်း အားရဲဆေးစာဖြင့် အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေး၍ ပြစ်မှုကျူးလွန်ခဲ့သည့် တိုက်အုပ်ဆရာတော် ဥူးကုသလ(ခ)သန်းဇော်အား အောင်နန်းတော် တောရ ကျောင်းထိုင် ဆရာတော်ဥူးကုဏ္ဍလ၊ သက်တော် ၈၈ နှစ်၊ ဝါတော် ၆၈ ဝါက သိက္ခာတော်ချ လူဝတ်လဲကာ အုတ်တွင်းမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး (ပ)၁၈၂/၂၀၁၈၊ ပုဒ်မ ၃၀၂ အရ အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent