ရန်ကုန်တိုင်းအတွင်းရှိ ဈေးပေါင်း ၁၇၀ ကျော်ကို အဆင့်မြှင့်တင်ရန် လေ့လာဆန်းစစ်မှုများ စတင်ဆောင်ရွက်နေပြီး ဈေးတစ်ခုချင်းစီအတွက် ပုဂ္ဂလိကကဏ္ဍနှင့် PPP စနစ်ဖြင့် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းအတွင်းရှိ ဈေးပေါင်း ၁၇၀ ကျော်ကို အဆင့်မြှင့်တင်ရန် လေ့လာဆန်းစစ်မှုများ စတင်ဆောင်ရွက်နေပြီး ဈေးတစ်ခုချင်းစီအတွက် ပုဂ္ဂလိကကဏ္ဍနှင့် PPP စနစ်ဖြင့် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 11 May 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေး ၁၇၀ ကျော်ကို အဆင့်မြှင့်တင်ရန် လေ့လာဆန်းစစ်မှုများ စတင်ပြုလုပ်နေပြီး ဈေးတစ်ခုချင်းစီအတွက် ပုဂ္ဂလိကကဏ္ဍနှင့် PPP စနစ် (Private Public Partnership) ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း Yangon Investment Forum 2018 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဈေးတွေရဲ့တည်နေရာတွေကို ကြည့်မယ်ဆိုရင် ဈေးတွေက အလွန်နေရာကောင်းတဲ့နေရာမှာ ရှိပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့မှာရှိတဲ့ ဈေး ၁၇၄ ဈေးလောက်ကို ကျွန်တော်တို့ အဆင့်မြှင့်ဖို့ ရှိပါတယ်။ ဒီအဆင့်မြှင့်တင်တဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့အဆင့် ဖြစ်နိုင်ဖို့အတွက် ဈေးတွေကို လေ့လာဆန်းစစ်မှုတွေ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဒီလေ့လာဆန်းစစ်မှုတွေထဲကနေပြီးတော့ ဈေးတစ်ဈေးချင်းဆီကို ပုဂ္ဂလိကကဏ္ဍနဲ့ PPP ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ပြန်လည်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည့်ဈေးများမှာ သုံးခွမြို့မဈေး၊ လှည်းကူးမြို့မဈေး၊ ကော့မှူးမြို့မဈေး၊ တွံတေးမြို့မဈေး၊ သန်လျင်မြို့မဈေး၊ ခရမ်းမြို့ဈေးနှင့် ကွမ်းခြံကုန်းမြို့မဈေးကြီး ခုနစ်ခုကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရှင်းလင်းပြောကြားသည့် Power Point တွင် ဖော်ပြထားသည်။

လက်ရှိတည်ဆောက် အကောင်အထည် ဖော်ဆောင်လျက်ရှိသောဈေးမှာ မင်္ဂလာဈေး ဖြစ်သည်။ ကနဦးဆောင်ရွက်ရန် ရွေးချယ်ထားသောဈေးများမှာ ရန်ကင်းမြို့မဈေး၊ ဘိုကလေးဈေး၊ မြရတနာဈေးတို့ဖြစ်ကြောင်း သိရသည်။

ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်မည့်ဈေးများမှာ မင်္ဂလာတောင်ညွန့် (စံပြဈေး)၊ သိမ်ကြီးဈေး (စီရုံနှင့် အီးရုံ)၊ သံလွင်ဈေး၊ နန္ဒဝန်ဈေး၊ ပတ္တမြားဈေး၊ ငွေယမုံဈေး (တောင်ဥက္ကလာပ)၊ ကြည့်မြင်တိုင်ညဈေး၊ တာမွေယာယီဈေး၊ သုဝဏ္ဏဈေး၊ ရတနာသိင်္ဂီဈေး၊ လှိုင်ဈေး၊ ပုဇွန်တောင်ဈေး၊ လှိုင်ရတနာဈေး၊ အင်းစိန်ဈေးသစ်၊ သိမ်ဖြူဈေး၊ ကမ်းနားဈေး၊ ရှမ်းလမ်းဈေးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ ဈေးများအားလုံးကို စည်ပင်သာယာက ကြီးကြပ်သည့်ပုံစံမျိုးမဟုတ်ဘဲ ဝန်ဆောင်မှုကုမ္ပဏီများက ပြုပြင်ထိန်းသိမ်းနိုင်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မေ ၃ ရက်တွင် ပြုလုပ်သည့် မင်္ဂလာဈေးသစ်ကြီး ပြန်လည်တည်ဆောက်ရေး ပန္နက်ရိုက် အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။