တရုတ်-မြန်မာစီးပွားရေး စြင်္ကံနှင့် ကျောက်ဖြူစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

တရုတ်-မြန်မာစီးပွားရေး စြင်္ကံနှင့် ကျောက်ဖြူစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
Published 10 May 2018

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးတို့ မေ ၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံနှင့် ကျောက်ဖြူစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး H.E.Mr.Zhao Kezhi တို့ မေ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး H.E.Mr.Zhao Kezhi တို့သည် မေ ၉ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှတစ်ဆင့် ဘက်စုံမဟာဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ နယ်စပ်ဒေသများ လုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည့် ရဲအသုံးအဆောင်ပစ္စည်းကိရိယာများ ကူညီထောက်ပံ့ပေးရေး၊ ရဲကွပ်ကဲမှုဗဟိုဌာန တည်ဆောက်နိုင်ရေး၊ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံနှင့် ကျောက်ဖြူစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်လည်း တက်ရောက်သည်။

ထို့ပြင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး  H.E.Mr.Zhao Kezhi သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မေ ၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးရေးတို့နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန် ကြီး H.E.Mr.Zhao Kezhi တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent