မကွေးမြို့နှင့် ရေနံချောင်းမြို့တို့တွင် လျှပ်စစ်မီး ခုနစ်ရက်ဆက် ပြတ်တောက်မှုသည် နှစ် ၁၀၀ တွင်မှ တစ်ကြိမ်သာဖြစ်သည့် အဖြစ်မျိုးဖြစ်ခဲ့ပြီး နောက်နောင်တွင် ထိုသို့မဖြစ်ရန် ကာကွယ်သွားမည်ဟုဆို

မကွေးမြို့နှင့် ရေနံချောင်းမြို့တို့တွင် လျှပ်စစ်မီး ခုနစ်ရက်ဆက် ပြတ်တောက်မှုသည် နှစ် ၁၀၀ တွင်မှ တစ်ကြိမ်သာဖြစ်သည့် အဖြစ်မျိုးဖြစ်ခဲ့ပြီး နောက်နောင်တွင် ထိုသို့မဖြစ်ရန် ကာကွယ်သွားမည်ဟုဆို
Published 8 May 2018

မကွေး ပင်မဓာတ်အားခွဲရုံအတွင်း ပျက်စီးသွားသည့် ထရန်စဖော်မာများအား အစားထိုး လဲလှယ်ထားသည်ကို မေ ၇ ရက်က တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး မကွေးမြို့မကြီး ကန်ကျေးရွာအနီးရှိ ပင်မလျှပ်စစ်ဓာတ်အားခွဲရုံ အတွင်းရှိ Phase ထရန်စဖော်မာနှစ်လုံး ပျက်စီးခဲ့ခြင်းကြောင့် မကွေးမြို့နှင့် ရေနံချောင်းမြို့တို့တွင် လျှပ်စစ်မီး ခုနစ်ရက်ဆက် ပြတ်တောက်မှုသည် နှစ် ၁၀၀ တွင်မှ တစ်ကြိမ်သာဖြစ်သည့် အဖြစ်မျိုးဖြစ်ခဲ့ပြီး နောက်နောင်တွင် ထိုသို့မဖြစ်ရန် ကာကွယ်မှုများ ဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝသယံဇာတ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က Eleven Media Group သို့ ပြောကြားသည်။

မကွေးမြို့ ပင်မလျှပ်စစ်ဓာတ်အားခွဲရုံ အတွင်းရှိ ထရန်စဖော်မာပေါ်သို့ ဧပြီ ၃၀ ရက် နံနက် ၆ နာရီကျော်က ရှဉ့်တက်ရာမှ Ground ကျပြီး ထရန်စဖော်မာနှစ်လုံး ပျက်စီးခဲ့ရကြောင်း ယင်းလျှပ်စစ်ခွဲရုံမှ ခွဲရုံမှူး ဦးဇော်ဖိုးလှိုင်က Eleven Media Group သို့ ပြောကြားသည်။

ထရန်စဖော်မာများ ပျက်စီးခဲ့မှုကြောင့် မကွေးမြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ်ပမာဏ ၇၅ ရာခိုင်နှုန်းခန့် ပြတ်တောက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကျန်ရှိလျှပ်စစ်လိုင်း တစ်လိုင်းဖြင့် မကွေးမြို့ပေါ် ရပ်ကွက်များနှင့် ရေနံချောင်းမြို့အတွက် အုပ်စုလေးစုခွဲ၍ တစ်နေ့လျှင် ၆ နာရီ (သုံးနာရီ နှစ်ကြိမ်ခွဲကာ) အလှည့်ကျ လျှပ်စစ်မီး ပေးဝေလျက်ရှိကြောင်း လျှပ်စစ်မီး စတင်ပြတ်တောက်ခဲ့သည့် ဧပြီ ၃၀ ရက် ညနေပိုင်းမှစ၍ မကွေးမြို့ပေါ် ရပ်ကွက်အချို့တွင် ရေအခက်အခဲများ ကြုံတွေ့လာရပြီး ဆေးရုံ၊ စာသင်တိုက်၊ စာသင်ကျောင်း စသည့်နေရာများအတွက် လူမှုရေး ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများက ရေလှူဒါန်းပေးနေရကြောင်း သိရသည်။

“ဒီနေ့ (မေ ၇ ရက်နေ့) ညနေ စက်စမ်းအဖွဲ့၊ မီးလွှတ်မယ့်အဖွဲ့ နေပြည်တော်ကနေ ရောက်မယ်။ ပြီးတော့ သူတို့ညမှာ စစ်ဆေးမယ်။ စစ်ဆေးပြီးတော့ အဲဒီထရန်စဖော်မာတွေထဲကို မီးထည့်ကြည့်မယ်။ အဲလိုမီးထည့်တာ ခြောက်နာရီအထိ ထည့်လို့မှ ထရန်စဖော်မာတွေထဲမှာ ဘာမှအပြစ် အနာအဆာတွေ မရှိတော့ဘူး။ အိုကေပြီဆိုရင် ဒါလွှတ်တော့မှာပဲ” ဟု လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

ရာသီဥတု ပူပြင်းလွန်းချိန်တွင် လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်၍ ရေအခက်အခဲများ ကြုံတွေ့နေရခြင်းနှင့် ပတ်သက်၍ မကွေးမြို့ပေါ်ရှိ ပြည်သူအချို့က အစိုးရအဖွဲ့ကို ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ ဦးမြင့်ဇော်က “ကျွန်တော်တို့ တိုင်းအစိုးရကလည်း မီးကို မပြတ်စေချင်ပါဘူး။ ဝန်ထမ်းတွေကလည်း ဒီလောက်မပြတ်စေချင်ဘူး။ ဒါပေမဲ့ အနှစ် ၁၀၀ လောက်မှ ဖြစ်တတ်တဲ့ အဖြစ်အပျက် ဖြစ်သွားတာကို။ အဲဒီအဖြစ်အပျက်မျိုး ပြီးခဲ့တဲ့ နှစ်,နှစ်က မင်းဘူးမှာ ဖြစ်သွားတယ်။ မြွေတက်လို့ အဲဒီလိုပဲ ထရန်စဖောမာတစ်လုံး လဲလိုက်ရတယ်။ အဲဒီအဖြစ်မျိုးကို မဖြစ်အောင် ဆိုပြီးတော့ ကျွန်တော်တို့က ပြည်ထောင်စုရော၊ ကျွန်တော်တို့ရော ဝန်ကြီးဌာန တစ်ခုလုံးက ကာကွယ်ပါဆိုပြီးတော့ သွပ်ပြားတွေနဲ့ မြွေတို့၊ ရှဉ့်တို့ မတက်နိုင်အောင်  ကာကွယ်ထားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါက အောက်ကနေ တက်တာမဟုတ်ဘူး။ အပေါ်ကနေ ပြုတ်ကျတာဆိုတော့ ဖြစ်ခဲတဲ့ အဖြစ် ဖြစ်ပျက်သွားတာပါ။ အစိုးရအဖွဲ့တင် မကဘူး မကွေးမှာရှိတဲ့ အောင်မြေပရဟိတ အဖွဲ့တွေကရော အမြန်ဆုံး မီးလင်းနိုင်ရေး၊ ဖြစ်နိုင်ရင် ရေမပြတ်ရေးအတွက်ကို အချိန်နဲ့ တစ်ပြေးညီ ကြိုးစားနေကြပါတယ်။ နောက်ကိုလည်း သင်ခန်းစာယူပြီး အပေါ်ကနေ မကျအောင် ဘယ်လိုကာကွယ်မလဲဆိုတာ ပြင်ဆင်ရမှာပါ” ဟု ပြောကြားသည်။

လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေမှုကြောင့် မကွေးမြို့ပေါ်ရှိ စက်ပစ္စည်းဆိုင်များတွင် မီးစက်များ အဝယ်လိုက်နေကြောင်း၊ မကွေးမြို့နေ ပြည်သူအချို့သည် ရေချိုးရန်အတွက် မီးလာသည့် အပိုင်းအလိုက် ဆွေမျိုးနီးစပ်နှင့် မိတ်ဆွေများအိမ်သို့ သွားရောက်ရခြင်း၊ ဧရာဝတီမြစ်သို့ဆင်း၍ ရေချိုးရခြင်းများ ရှိလာကြောင်း၊ လျှပ်စစ်ခွဲရုံအတွင်း လုပ်ငန်းလုပ်ကိုင် နေသူများအတွက် မကွေးမြို့ပေါ်မှ စာသင်တိုက်များ၊ လူမှုရေး ပရဟိတအဖွဲ့များက  စားသောက်ဖွယ်ရာများ ကူညီလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent