မြဝတီ-ဒေါနတောင်ကျော် အာရှလမ်းသစ်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကာ ခရီးသည် ၁၅ ဦး ဒဏ်ရာရ

မြဝတီ-ဒေါနတောင်ကျော် အာရှလမ်းသစ်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကာ ခရီးသည် ၁၅ ဦး ဒဏ်ရာရ
Published 6 May 2018

မြဝတီ-ဒေါနတောင်ကျော် အာရှလမ်းသစ်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်စဉ်

မြန်မာ-ထိုင်းနယ်စပ် မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်တွင် ယာဉ်တိမ်းမှောက်မှု နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး မေ ၅ ရက် နံနက်ပိုင်းက ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ကာ ခရီးသည် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပဲခူးမြို့မှ ကမ္ဘာကျော်ဘုရားဖူးယာဉ်အား ယာဉ်မောင်းဇင်းမင်းထွန်းသည် ဒေါနတောင်ကျော် အာရှလမ်းအတိုင်း မြဝတီနယ်စပ်မြို့သို့ မောင်းနှင်လာခဲ့ရာ ကွမ်းခြံကွေ့ ကုန်းဆင်းသို့အရောက်၌ အရှိန်မထိန်းနိုင်၍ ဘရိတ်နင်းစဉ် ခေါင်းလည်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာသို့ သင်္ဃန်းညီနောင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲများ သွားရောက်ကာ ကူညီကြောင်း၊ ယာဉ်ပေါ်တွင် ခရီးသည် ၂၀ လိုက်ပါလာပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရလူနာများအား လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ဒဏ်ရာရလူနာများအား မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ကူညီပေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ မေ ၃ ရက်က မန်းရွှေမြို့တော် မှန်လုံယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၀ ဒဏ်ရာရရှိခဲ့သည်။

မေ ၃ ရက် ည ၁၁ နာရီခွဲက ခြောက်ဘီးယာဉ် တိမ်းမှောက်ကာ ယာဉ်မောင်းလက်ကျိုး၊ ယာဉ်နောက်လိုက် ပွန်းပဲ့မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သော်လည်း သင်္ဃန်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့များက မြဝတီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်သည် အတက်ရှည်၊ အဆင်းရှည်ပြီး တစ်ဆစ်ချိုးအကွေ့များ မျက်ကွယ်ကွေ့များကြောင့် ယာဉ်မောင်းများအနေဖြင့် သတ်မှတ်ထားသည့် ကီလို ၄၀ ထက် ပို၍မမောင်းနှင်ရန် လိုအပ်သည်ဟု မြဝတီ-ရန်ကုန် ကုန်ကားမောင်းနှင်သည့် ဝါရင့်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မေ ၅ ရက် ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ လူအများဒဏ်ရာရရှိအောင် ယာဉ်ကိုမဆင်မခြင်မောင်းနှင်သော ယာဉ်မောင်း ဇင်မင်းထွန်းအား သင်္ဃန်းညီနောင်ရဲစခန်းမှ ယာဉ် (ပ) ၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။