ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍မရသော ဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့် တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန ကြိုတင်ပြင်ဆင်

ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍မရသော ဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့် တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန ကြိုတင်ပြင်ဆင်
Published 5 May 2018

မတ် ၈ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မြေငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စေတီတော်ကို တွေ့ရစဉ်

ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍ မရသော ဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ ပြည်သူလူထုအား အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၃ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်အမျိုးမျိုး အထူးသဖြင့် ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍ မရနိုင်သော ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူလူထုအား အချိန်နှင့် တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် ယခင်ရှိခဲ့သော လုပ်ငန်းလမ်းညွှန်များ၊ စီမံချက်များတွင် ရရှိခဲ့သော အတွေ့အကြုံပေါ် မူတည်၍ အသစ်ပြုပြင်ရေးဆွဲရန် ဆွေးနွေးခဲ့ပြီး အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မည့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် သင်တန်းများပေးခြင်းနှင့် လူထုအား ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး အသိပညာတိုးမြှင့်ရေး လုပ်ငန်းများသည်လည်း အရေးကြီးကြောင်း ပြောကြားသည်။

ထို့ပြင် ဘေးအန္တရာယ် ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော ဘဏ္ဍာငွေများကို တွက်ချက်တောင်းခံရန်၊ ဘေးအန္တရာယ်အမျိုးမျိုးကို ခံနိုင်ရည်ရှိ၍ တုံ့ပြန်ဆောင်ရွက်နိုင်သော ကျန်းမာရေးစနစ် ပေါ်ပေါက်စေရေး ဆောင်ရွက်ရန်၊ ယခင်ရေးဆွဲ ထားရှိသော ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များနှင့် လုပ်ငန်းလမ်းညွှန်များ ရရှိနိုင်သော စွမ်းအားစု အရင်းအမြစ်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံနှင့် သင့်လျော်သော လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် ပြုပြင်ရေးဆွဲနိုင်ရန်နှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များ သိရှိရန်နှင့် အကြံပြုချက်များ ရရှိနိုင်ရန် ယခုလအတွင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပရန် မှာကြားခဲ့ကြောင်း  သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် စစ်ကိုင်းငလျင်ပြတ်ရွေ့ပေါ်တွင် တည်ရှိပြီး လူဦးရေ ထူထပ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့ကြီးများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော ငလျင်လှုပ်ခတ်မှုများကြောင့် ပြည်သူလူထု စိုးရိမ်ကြောင့်ကြမှု မရှိစေရန်၊ ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်တာများ နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်၊ ကျန်းမာရေးဌာနများတွင် ငလျင်ဘေးအန္တရာယ် လျော့ကျစေရန်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် ကြိုတင်ပြင်ဆင်မှုများ၊ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပြန်လည်ထူထောင် တည်ဆောက်ရေး လုပ်ငန်းများတွင် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန် ‘ငလျင်ဘေးအန္တရာယ်အပေါ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး’ ကို မတ် ၁၅ ရက်က ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနတွင် ကျင်းပပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent