၂၃ နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၀ ကျော် ဝင်ရောက်ထား

၂၃ နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၀ ကျော် ဝင်ရောက်ထား
Published 4 May 2018

နှစ်ဆယ့်သုံးနှစ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံနှစ်ဆယ်ကျော်အထိ ဝင်ရောက်ထားကြောင်း မေလ ၂ ရက်က Cooperative Business Centre တွင် ပြုလုပ်သည့် Yangon Investment Forum 2018 ကြိုတင် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၈၅၄ ခုအထိ ဝင်ရောက်ထားကာ ရင်နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၀ဒသမ ၂၇၆ ဘီလျံအထိ ဝင်ရောက်ထားခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ဒေါ်လာငါးသန်း (သို့မဟုတ်) ကျပ်ငွေသန်း ခြောက်ထောင်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုင်း ဒေသကြီး ပြည်နယ်အစိုးရ၏ ခွင့်ပြုပေးနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံမှုပမာဏရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ တစ်လမှ တစ်လခွဲ အတွင်း ပါမစ်ရရှိအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် စက်မှုကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင်  မတည် ငွေရင်းပမာဏ ဒေါ်လာ ၅၉ သန်းကျော်နှင့် ကျပ် ၂၃ ဘီလျံကျော်အထိ ရင်းနှီးမြှုပ်နှံခွင့်ပြု လိုက်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် British Virgin Islands  နိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည်။

Most Recent