ထိုင်းရောက် မြန်မာအလုပ်သမားများ စုပေါင်းတည်ထား ကိုးကွယ်မည့် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်

ထိုင်းရောက် မြန်မာအလုပ်သမားများ စုပေါင်းတည်ထား ကိုးကွယ်မည့် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်
Published 2 May 2018

မြန်မာအလုပ်သမားများ စုပေါင်းတည်ထား ကိုးကွယ်မည့် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်မှု အခမ်းအနား မြင်ကွင်း

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင် ဖာ့ပဒဲန်းမြို့၊ ဆုစဝပ်(၇၄)လမ်းရှိ ဝပ်ချုံကျောင်းတိုက်၌  မြန်မာအလုပ်သမားများ စုပေါင်း၍တည်ထားကိုးကွယ်မည့် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ထီးတော်တင်မင်္ဂလာ အခမ်းအနားကို မေ ၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတိဂုံပုံတူစေတီတော် ထီးတော်တင်လှူပွဲသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ဒုတိယသံအမတ် ဦးချမ်းအေး၊ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေးရေး အေဂျင်စီများအဖွဲ့ချုပ် (MOEAF) မှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာအလုပ်သမားရေး ဆောင်ရွက်နေကြသည့် အဖွဲ့စည်းများ လူမှုအသင်ဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အလုပ်သမား သောင်းနှင့်ချီ၍ တက်ရောက်ကြည်ညိုခဲ့ကြာင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက “ကုသိုလ်ရေး ကောင်းတဲ့အလုပ် လုပ်ကြတာကို လာအားပေးတာ၊ မြန်မာနိုင်ငံသား အလုပ်သမားတွေ ချွေးနည်းစာလေးတွေနဲ့ ဝိုင်းဝန်းလုပ်ကြလို့ သံရုံးမှလည်း ပေ ၁၀၀ ပတ်လည်ကြွေပြား လှူဒါန်းပေးခဲ့ပါတယ်။ အလုပ်သမားတွေ ညီညီညွတ်ညွတ်နဲ့ အလုပ်လည်းလုပ်ရင်း ကုသိုလ်လည်း ရှာကြတာ ဝမ်းသာပါကြောင်းနှင့် အလုပ်သမားများ အနေဖြင့်လည်း အိမ်ရှင်နိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာပြီး အလုပ်လုပ်ကိုင်ကြဖို့ ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီး စတင်တည်ထားရန် ဘန်ကောက်မြို့နယ် ပချာအူထစ် (၁၁) လမ်းရှိ ဟုန်စိန်အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားများ စုပေါင်း၍ ဘတ်ငွေတစ်သိန်းခုနစ်သောင်းဖြင့် စတင်မတည်ခဲ့ခြင်း ဖြစ်ကြောင်းနှင့်ယခုအခါ ထီးတော်တင်သည့် အခြေနေထိ ကုန်ကျငွေ စုစုပေါင်း ဘတ်ငွေ ၁၁ သိန်းခန့် ကုန်ကျခဲ့ကြောင်း ကရုဏာရှင် လူမှုကူညီရေးအသင်း ဦးဆောင်သူတစ်ဦး ဖြစ်သလို ဂေါပကအဖွဲ့ဝင်ဖြစ်သည့် ကိုဝင်းထွဋ်ဟိန်းက ပြောကြားသည်။

စေတီတော် ဆက်လက်ဖြစ်မြောက်ရေးအတွက် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး၊ စစ်သံမှူး၊ အလုပ်သမားသံ အရာရှိများမှလည်း စေတီတော်ကြီးသို့ ငွေကြေးအပါအဝင် လှူဖွယ်ပစ္စည်းများကို ဆက်လက်ပံ့ပိုး လှူဒါန်းခဲ့သလို MOEAF အဖွဲ့မှလည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့မှုများနှင့် ပတ်သက်၍ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးမြတ်သူက “ကျွန်တော်တို့အနေနဲ့ ပထမဆုံး ကျေးဇူးတင်ရမှာ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးပေါ့၊ ဦးစန်းမောင်ဦးကနေ လမ်းညွှန်လို့ ကျွန်တော်တို့ ရောက်လာတဲ့အချိန် အလုပ်သမားတွေက သူတို့တတ်နိုင်သလောက် လုပ်နေကြတာ တွေ့ရလို့၊ ကျွန်တော်တို့လည်း ဝိုင်းပြီးပူးပေါင်း လုပ်တဲ့အခါ အခြားလိုအပ်ချက်တွေလည်း လှူဒါန်းပေးခဲ့သလို အခြားအေဂျင်စီတွေပါ ခေါ်လာခဲ့တယ်။ အလုပ်သမား သံအရာရှိတွေနဲ့ အားလုံးပူးပေါင်း လုပ်ဆောင်ကြတဲ့အခါမှာ အခုလို အဆင်ပြေပြေဖြစ်ပြီး စီးသွားခဲ့ပါတယ်” ဟု ပြောကြားသည်။

ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က စတင်၍ တည်ဆောက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စေတီတော်၏ ဉာဏ်တော် အမြင့်မှာ ၁၃ ပေရှိပြီး လုံးပတ်မှာ ပေ ၅၀ ဖြစ်ကြောင်း သိရသည်။