ရခိုင်တစ်မျိုးသားလုံးဆိုင်ရာ ရခိုင်လူငယ်ညီလာခံကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ယနေ့ စတင်ပြုလုပ်မည်

ရခိုင်တစ်မျိုးသားလုံးဆိုင်ရာ ရခိုင်လူငယ်ညီလာခံကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ယနေ့ စတင်ပြုလုပ်မည်
Published 1 May 2018

လုံခြုံရေးအခြေအနေအရ ကမန်နှင့် မာရမာကြီး လူမျိုးစုများတက်ရောက်ခွင့်မရသည့် ရခိုင်တစ်မျိုးသားလုံးဆိုင်ရာ ရခိုင်လူငယ်ညီလာခံကို တောင်ကုတ်မြို့တွင် ယနေ့ (မေ ၁ ရက်) တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စတင်ပြုလုပ်မည့် ရခိုင်တစ်မျိုးသားလုံးဆိုင်ရာ ရခိုင်လူငယ်ညီလာခံကို တောင်ကုတ်မြို့တွင် မေ ၁ ရက်မှ ၅ ရက်အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်လူငယ်ညီလာခံသို့ ကမန်နှင့် မာရမာကြီးလူမျိုးများ တက်ရောက်ခွင့်မရခြင်း အဓိကအကြောင်းရင်းသည် လုံခြုံရေး အခြေအနေအရဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် အကြိုညီလာခံတွင် ဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေး ပြန်ကြားရေးကော်မတီဝင် ကိုမျိုး ဆန်းအောင်က ပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ ပြုလုပ်တဲ့ အကြိုညီလာခံမှာ မြို့နယ် ၁၇ မြို့ နယ် တက်ရောက်ဆွေးနွေးကြတဲ့အထဲမှာ ဆုံးဖြတ်ချက်ချလာခဲ့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြို့က တောင်ကုတ်လည်း ဖြစ်နေတယ်။ တခြားဘက်မှာလည်း လက်ရှိရခိုင် ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေ၊ ယုံကြည်မှုအနေအထားတွေနောက်ပြီး အဓိက,ကတော့ လုံခြုံရေးပေါ့။ အဲဒီလုံခြုံရေးကို အဓိကထားပြီးတော့ ဆိုင်းငံ့ထားခဲ့တာပါ။ အဲဒီအတွက် အခုကမန်နဲ့ မာရမာကြီးလူမျိုးတွေက တက်ခွင့်မရခဲ့တာပါ။ ဒါပေမဲ့ သူတို့ဆီက သဝဏ်လွှာတွေ၊ စာတမ်းတို့ကျတော့ ကျွန်တော်တို့ ဖိတ်ခေါ်ထားပါတယ်” ဟု ကိုမျိုးဆန်းအောင်က ပြောကြားသည်။

သို့သော် ကမန်တိုင်းရင်းသားမျိုးနွယ်စုများက ဧပြီ ၃၀ ရက်တွင် ရခိုင်လူငယ်ညီလာခံသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာတွင် ရခိုင်လူငယ်ညီလာခံမှ ရခိုင်ပြည်နယ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားမျိုးနွယ်စုများအတွင်း သဟဇာတဖြစ်ရေးတို့ကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ကမန်မျိုးနွယ်စုထံသို့ ရခိုင်လူငယ်ညီလာခံမှ ပေးပို့သော ဖိတ်စာကို ရရှိချိန်နောက်ကျခဲ့သည့်အတွက် အကြံပြုစာတမ်းအဖြစ် မပေးပို့နိုင်ခဲ့ကြောင်း၊ နောက်နောင်ပြုလုပ်မည့် ရခိုင်ညီလာခံများတွင် မျိုးနွယ်စု ခုနစ်စု စုံစုံညီညီပါဝင်သော ညီလာခံတစ်ခုအဖြစ် ဖော်ဆောင်ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရသည်။

တောင်ကုတ်မြို့တွင်ပြုလုပ်မည့် ရခိုင်လူငယ်ညီလာခံသို့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ ကိုယ်စားလှယ်များအပြင် ပလက်ဝ၊ ဖားကန့်၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ စသည့်ဒေသများမှ ရခိုင်လူငယ်များနှင့် ပြည်ပသို့ရောက်ရှိနေသည့် ရခိုင်လူငယ်များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

ရခိုင်လူငယ်ညီလာခံတွင် လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့် မူးယစ်ဆေးဝါး စသည့်ကဏ္ဍကြီးလေးခုကို အဓိက ကျောရိုးအဖြစ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိရခိုင်ပြည်မှာ ရခိုင်လူငယ်တွေ လုပ်တယ်ဆိုတာက သမိုင်းမှာ နှစ်ပေါင်း ၇၀ ကျော်ပြီးမှ ဒုတိယအကြိမ်မြောက် လုပ်ဖြစ်တာဆိုတော့ ကျွန်တော်တို့ လူငယ်တွေအတွင်းမှာ အားနည်းချက်တွေ၊ အားသာချက်တွေ ရှိပါတယ်။ အဲဒီအတွက် ရခိုင်လူငယ်တွေအပြင် တခြားသော တိုင်းရင်းသားလူငယ်တွေ၊ အဖွဲ့အစည်းအတွေ အကုန်လုံးက ရခိုင်ညီလာခံ ဖြစ်မြောက်သွားအောင်၊ ညီလာခံပြီးတဲ့အချိန်မှာလည်း ဆက်ပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်မယ့်အလုပ်တွေကို ပံ့ပိုးပြီးတော့ ဝိုင်းဝန်းကူညီကြပါလို့ ပြောချင်ပါတယ်” ဟု ကိုမျိုးဆန်းအောင်က ပြောကြားထားသည်။

ရခိုင်လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် ရန်ကုန်ရောက် ရခိုင်လူငယ်များက ဦးဆောင်၍ ရခိုင်လူငယ်ညီလာခံအစပြု ကော်မတီတစ်ရပ်ကို ၂၀၁၆ ခုနှစ် မတ် ၁၃ ရက်ကတည်းက စတင်ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပထမအဆင့်လုပ်ငန်းစဉ်အဖြစ် ဒေသအသီးသီးရှိ ရခိုင်လူငယ်များထံ သွားရောက်စည်းရုံးခြင်း၊ ဒုတိယအဆင့် လုပ်ငန်းစဉ်အဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက အကြိုညီလာခံတစ်ရပ်ပြုလုပ်ခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ပြီး နောက်ဆုံးအဆင့်အဖြစ် ရခိုင်လူငယ်ညီလာခံကြီးကို ကျင်းပနိုင်ခြင်း ဖြစ်သည်။