၂၁ ပင်လုံညီလာခံအတွက် ငြိမ်းချမ်းရေး အကြိုလှုပ်ရှားမှုအနေဖြင့် ကော့သောင်း-ရန်ကုန် မိုင် ၁၀၀၀ နီးပါးဖြတ်သန်းခဲ့သည့် ၂၄ ရက်ကြာ Wheel Chair ရထားခရီးစဉ် သွားရောက်ခဲ့သူများအား ဂုဏ်ပြု

၂၁ ပင်လုံညီလာခံအတွက် ငြိမ်းချမ်းရေး အကြိုလှုပ်ရှားမှုအနေဖြင့် ကော့သောင်း-ရန်ကုန် မိုင် ၁၀၀၀ နီးပါးဖြတ်သန်းခဲ့သည့် ၂၄ ရက်ကြာ Wheel Chair ရထားခရီးစဉ် သွားရောက်ခဲ့သူများအား ဂုဏ်ပြု
Published 29 April 2018

ကော့သောင်း-ရန်ကုန် မိုင် ၁၀၀၀ နီးပါးဖြတ်သန်းခဲ့သည့် ၂၄ ရက်ကြာ Wheel Chair ရထားခရီးစဉ် ဂုဏ်ပြုပွဲမြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ- နေမျိုးဝင်း)

၂၁ ပင်လုံညီလာခံအတွက် ငြိမ်းချမ်းရေး အကြိုလှုပ်ရှားမှုအနေဖြင့် ကော့သောင်း-ရန်ကုန် မိုင် ၁၀၀၀ နီးပါးဖြတ်သန်းခဲ့သည့် ၂၄ ရက်ကြာ Wheel Chair ရထားခရီးစဉ် သွားရောက်ခဲ့သူများကို ဧပြီ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မျက်မမြင်ကြောင်း (ခဝဲခြံ) ၌ ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်မှာ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယမှ ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့မှ Wheel Chair သမား ၁၀ ဦးနှင့် ဝန်းရံပါဝင်သူများသည် မြို့ပေါင်း ၂၁ မြို့၊ မိုင်အားဖြင့် ၉၈၁ မိုင်ကို ၂၀၁၈ ခုနှစ် မတ် ၁၆ ရက်မှ ဧပြီရှစ်ရက်အထိ ဖြတ်သန်းသွားလာခဲ့သော ခရီးစဉ်ဖြစ်ပြီး ဖြတ်သန်းခဲ့သည့် ပြည်/တိုင်းများမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်သည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေးတွဲလက်များက အခုဆောင်ရွက်တဲ့ခရီးစဉ်ဟာ တတိယအကြိမ် ခရီးစဉ်ဖြစ်ပါတယ်။ ပထမအကြိမ်ခရီးစဉ်ကို မြစ်ကြီးနားကနေ နေပြည်တော်အထိ အားလုံး ၁၁ ရက်တိုင်တိုင် မိုင်ပေါင်း ၅၇၇ မိုင် ခရီးနှင်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒုတိယခရီးစဉ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ အခုက တတိယခရီးစဉ် ဖြစ်ပါတယ်။ ကျွန်တော်တို့ချစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး နိုင်ငံတော်အစိုးရကဆောင်ရွက်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီး အောင်မြင်ပြီးမြောက်အောင်အထိ ပြည်သူလူထုအများနဲ့ တွဲဖက်ပြီးတော့ ကျွန်တော်တို့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားဖို့ဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေးတွဲလက်များ၏ ရှေ့လုပ်ငန်းစဉ်များကို စာရေးဆရာ ဇေယျာမင်းသျှင်က ပြောကြားသည်။

ရန်ကုန်ခဝဲခြံ မျက်မမြင်ကျောင်းမှ အမြင်အာရုံ မသန်စွမ်းသူများနှင့် အခြားမသန်စွမ်းသူများ စုဝေး၍ ခရီးစဉ်ဖြတ်သန်းခဲ့သည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည့် ပြည်တွင်းစစ် အဆုံးသတ်ရပ်စဲရေး တွန်းအားပေးရန်၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုစားပွဲဝိုင်းများတွင် ညှိနှိုင်းအဖြေရှာစေရေး တွန်းအားပေးရန်၊ ပစ်ခတ်တိုက်ခိုက်နေသူများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ခွင့်လွှတ်ပြီး ငြိမ်းချမ်းရေးသို့ ဦးတည်စေရေး တိုက်တွန်းနှိုးဆော်ရန်နှင့် ပြည်သူလူထုအကြား လူမျိုးဘာသာမခွဲခြားဘဲ ငြိမ်းချမ်းရေးစိတ်ဓာတ်ပေါ်လွင် ထင်ရှားစေရန် ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းတွင် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ဧရာဝတီမြစ်ကြောင်းအတိုင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုများအပြင် ၂၀၁၉ ခုနှစ်အတွင်း မတ်၊ ဧပြီလများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့တွင် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Recent