နေပြည်တော်မြို့နယ်သုံးခုမှ လယ်ယာမြေသိမ်းဆည်းခံတောင်သူများအား နစ်နာကြေးပေးရန် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ကျပ်သိန်း ၅၀၀၀ လျာထား

နေပြည်တော်မြို့နယ်သုံးခုမှ လယ်ယာမြေသိမ်းဆည်းခံတောင်သူများအား နစ်နာကြေးပေးရန် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ကျပ်သိန်း ၅၀၀၀ လျာထား
Published 28 April 2018

နေပြည်တော်မြို့နယ်သုံးခုမှ လယ်ယာမြေ သိမ်းဆည်းခံတောင်သူများအား နစ်နာကြေးပေးရန် နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀၀ တင်ပြတောင်းခံရန်လျာထားကြောင်း အဆိုပါကော်မတီ၏ ဆွေးနွေးပွဲမှ သိရ သည်။

“လာမယ့်နှစ်မှာ သန်း ၅၀၀ လျာထားပါတယ်။ အဓိက နစ်နာထောက်ပံ့ကြေးငွေပေးဖို့ ဒက္ခိဏသီရိမြို့နယ်မှ တစ်နေရာရှိပါတယ်။ နောက်ဇမ္ဗူသီရိမြို့နယ်မှ တစ်နေရာနဲ့ ဥတ္တရသီရိမြို့နယ်မှာ တစ်နေရာရှိပါတယ်” ဟု နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနဌာနမှူး ဦးစိုးနိုင်က ပြောကြားသည်။

နေပြည်တော် မြို့တော်ခန်းမတွင် ဧပြီ ၂၇ ရက်ကပြုလုပ်သော စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် နေပြည်တော်ရှစ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသည့် ငွေလုံးငွေရင်း အသုံးစရိတ်၊ နိုင်ငံတော်အထောက်အပံ့ငွေဖြင့် ဆောင်ရွက်မည့် လျာထားလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။

သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင်မြေအဖြစ် အသုံးပြုခွင့်ရရှိထားသော မြေများဖြစ်သည့် ဒက္ခိဏသီရိမြို့နယ်တွင် ဟိုတယ်ဇုန် (၃) အနီးနှင့် သဲဖြူကျေးရွာအနီးရှိ မြေဧက ၃၈၀ ကျော်၊ ဇမ္ဗူသီရိမြို့နယ်တွင် နေပြည်တော်မြို့ပတ်လမ်းတည်ဆောက်ရာတွင် အသုံးပြုထားသည့် မြေ ၁၂ ဧကကျော်၊ ဥတ္တရသီရိမြို့နယ်တွင် ရွှေနံ့သာရပ်ကွက်မှ ဧက ၈၀ ကျော်၊ စုစုပေါင်း ၄၈၁ ဒသမ ၄၃ ဧကအတွက် မြေယာလျော်ကြေးနှင့် သီးနှံ လျော်ကြေးများပေးအပ်ရန် ကျပ်သိန်း ၅၀၀၀ လျာထားခြင်းဖြစ်ကြောင်း ၎င်းတို့အဆိုအရ သိရသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် အဆိုပါမြေနေရာများကို အသုံးပြုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါမြေနေရာများအတွက် တောင်သူများအား အခြားမြေများနည်းတူ နစ်နာကြေးထောက်ပံ့ကြေး ပေးအပ်ခြင်းမရှိပါက တောင်သူများနှင့် ဖြေရှင်းရနိုင်သည့်အတွက် ယခုကဲ့သို့ စီစဉ်ထားခြင်းကြောင်း ဌာနမှူးဦးစိုးနိုင်က ရှင်းလင်းပြောကြားသည်။

“စီမံကိန်းအနေနဲ့ဆိုရင် ဒက္ခိဏသီရိမြို့နယ်ထဲမှာ ရန်အောင်မြင်ဆည်ရှိပါတယ်။ နေပြည်တော်မရှိခင်ကတည်းက သိမ်းခံထားရတာပေါ့နော်။ ဆည်ဧရိယာမှာ တချို့တစ်ဝက်က လျော်ပြီးသားဖြစ်တယ်။ ရေမဝပ်တဲ့ ကုန်းမြေနေရာတွေက စည်ပင်သာယာရေး ကော်မတီက လျော်ပြီးသားဖြစ်တယ်။ ဆည်ရဲ့ရေဝပ်ဧရိယာကို လျော်ဖို့ ကျန်နေသေးတယ်။ လျော်ပေးဖို့ မူဝါဒကျထားတာလည်း ရှိတယ်။ အဲဒီအပေါ် တောင်သူတွေက တင်ပြထားတာလည်း ရှိတယ်။ လျော်ကြေးပေး နိုင်ဖို့ ကျွန်တော် လယ်ပြန်စစ်ကော်မတီအနေနဲ့စစ်ဆေးပြီး ဗဟိုလယ်စစ်ကိုလည်း တင်ပြရမှာရှိပါတယ်”ဟု ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ပြောကြားသည်။

အဆိုပါနစ်နာကြေး ကျပ်သိန်း ၅၀၀၀ နစ်နာကြေး ပေးအပ်ပြီးပါက နေပြည်တော်တွင် သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး ထပ်မံပေးလျော်ရန် မရှိတော့သလောက်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“ဒီတစ်ခေါက်လျော်လိုက်ရင် ပြီးပြတ်ပြီလို့တောင် ပြောလို့ရတယ်။ သူတို့ရဲ့ စီမံကိန်းအရ သိမ်းဆည်းထားတဲ့မြေတွေနဲ့ပတ်သက်ပြီး ပြီးပြတ်သလောက်ရှိပြီလို့ ပြောလို့ရပါတယ်” ဟု ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း က ပြောကြားသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြေသိမ်းဆည်းခံတောင်သူများအတွက် လယ်ယာမြေနှင့် သီးနှံလျော်ကြေးအဖြစ် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျပ်သိန်းတစ်သောင်းခွဲခန့်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ်သိန်းတစ်ထောင်ခန့်ပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent