ပြည်သူပိုင် အသိမ်းခံခဲ့ရသည့် ဝဇီရာရုပ်ရှင်ရုံ(၁)၏ ပိုင်ဆိုင်ခွင့်များနှင့် ပတ်သက်၍ မူလပိုင်ရှင်များ၏ နစ်နာဆုံးရှုံးခဲ့ရမှုများကို အစိုးရအနေဖြင့် အလေးအနက်ထား စဉ်းစားပေးရန် မူလပိုင်ရှင်များက မျှော်လင့်နေ

ပြည်သူပိုင် အသိမ်းခံခဲ့ရသည့် ဝဇီရာရုပ်ရှင်ရုံ(၁)၏ ပိုင်ဆိုင်ခွင့်များနှင့် ပတ်သက်၍ မူလပိုင်ရှင်များ၏ နစ်နာဆုံးရှုံးခဲ့ရမှုများကို အစိုးရအနေဖြင့် အလေးအနက်ထား စဉ်းစားပေးရန် မူလပိုင်ရှင်များက မျှော်လင့်နေ
Published 24 April 2018

ဝဇီရာ ရုပ်ရှင်ရုံအား တွေ့ရစဉ်

၁၉၆၈ ခုနှစ်တွင် ပြည်သူပိုင် အသိမ်းခံခဲ့ရသည့် ဝဇီရာရုပ်ရှင်ရုံ(၁)၏ ပိုင်ဆိုင်ခွင့်များနှင့် ပတ်သက်၍ မူလပိုင်ရှင်များ၏ နစ်နာဆုံးရှုံးခဲ့ရမှုများကို ပြည်သူ့အစိုးရ အနေဖြင့် အလေးအနက်ထား စဉ်းစားပေးရန် အတွက် အဆိုပါရုပ်ရှင်ရုံကို ပိုင်ဆိုင်ခဲ့သည့် မူလပိုင်ရှင်များက မျှော်လင့်လျက်ရှိသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ယခင်နယူးအိတ်ဆယ်စီယာဟု အမည်ရှိခဲ့သည့် ဝဇီရာ ရုပ်ရှင်ရုံ(၁)ကို တော်လှန်ရေး အစိုးရလက်ထက် ဖြစ်သည့် ၁၉၆၈ ခုနှစ် ဒီဇင်ဘာလတွင် ပြည်သူပိုင်သိမ်းခဲ့ပြီး မူလပိုင်ရှင်များက ၎င်းတို့၏ ပိုင်ဆိုင်ခွင့်များကို လက်လွှတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဝဇီရာရုပ်ရှင်ရုံ(၁)ကို ၁၉၅၆ ခုနှစ်တွင် ဝယ်ယူခဲ့သည့် မူလပိုင်ရှင် ဒေါ်ညွန့်ရင်၏ မြေးတော်စပ်သူဖြစ်သည့် ဒေါက်တာမြတ်မင်းထိုက်က ဧပြီ ၂၃ ရက်တွင် ရန်ကုန်မြို့၊ လမ်း ၅၀ ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံး၌ ဝဇီရာ ရုပ်ရှင်ရုံ ပြန်လည်ရရှိလိုခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ရုပ်ရှင်ရုံ၏ ပိုင်ဆိုင်ခွင့်များနှင့် ပတ်သက်၍ ပြည်သူ့အစိုးရအနေဖြင့် အလေးအနက်ထား စဉ်းစားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်အဘွားက ၁၉၅၆ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာရှိတဲ့ အခု ဝဇီရာ ရုပ်ရှင်ရုံ(၁)ကို ဝယ်ခဲ့တယ်။ ၁၉၆၈ မှာ ပြည်သူပိုင် သိမ်းခံခဲ့ရတယ်။ ကျွန်တော်တို့တွေ လျော်ကြေးငွေ တစ်ပြားတစ်ချပ်မျှ မရခဲ့ပါဘူး။ အခု အဘွားရယ် အမေရယ်ဆုံးပြီ။ အမွေဆက်ခံသူဖြစ်တဲ့ အဖေကလည်း အသက် ၈၃ နှစ်ရှိပြီ။ ကျန်းမာရေးလည်း မကောင်းလို့ ကျွန်တော်က သားသမီးအနေနဲ့ တတ်နိုင်သမျှ လိုက်ဆောင်ရွက်ပေးတာ။ ကျွန်တော် သိသလောက်တော့ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းက ၁၉၉၉ မှာ ရန်ရှင်းဆောက်လုပ်ရေးကို ငှားတယ်။ အခု ဆိုင် ၁၅ ဆိုင်လောက် ရှိမယ်ထင်တယ် ဖွင့်ထားတာ။ မူလပိုင်ရှင်တွေအနေနဲ့ ဘာအခွင့်အရေးမျှ မရတာက မမျှတဘူးလို့ ထင်ပါတယ်။ အများကြီး နစ်နာဆုံးရှုံးရပါတယ်။ အခုက ဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရ ဖြစ်လာတော့ ကျွန်တော်တို့ရဲ့ ဆုံးရှုံးနစ်နာခဲ့မှုတွေကို အလေးအနက်ထား စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်” ဟု ဝဇီရာရုပ်ရှင်ရုံ(၁)၏ မူလပိုင်ရှင် ဒေါ်ညွန့်ရင်၏ မြေးဖြစ်သည့် ဒေါက်တာမြတ်မင်းထိုက်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက ပြည်သူပိုင် သိမ်းခံခဲ့ရသည့် အချို့သော မြေကွက်အဆောက်အအုံများတွင် မူလပိုင်ရှင် အမည်ပေါက်များ ရှိနေပြီး ယင်းမူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်မှုများ ရှိနေသည်ဟု ကြားသိရကြောင်း၊ ယခုဒီမိုကရေစီအစိုးရ ဖြစ်သည့်အတွက် နစ်နာဆုံးရှုံးမှုများအား အလေးအနက်ထား စဉ်းစားစေလိုကြောင်း ပြောကြားသည်။

ဝဇီရာရုပ်ရှင်ရုံ(၁)၏ ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် အစိုးရ တာဝန်ရှိ လူကြီးများနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း၊ လက်ရှိအစိုးရထံသို့လည်း မူလပိုင်ရှင်များက အသနားခံစာ ဆက်လက်တင်ရှိရန် ရှိကြောင်း သိရသည်။

ဝဇီရာရုပ်ရှင်ရုံ(၁)ကို မူလပိုင်ရှင်များ က ၁၉၅၆ ခုနှစ်တွင် မြန်မာကျပ်ငွေ ရှစ်သိန်းဖြင့် ဝယ်ယူခဲ့ပြီး လက်ရှိတွင် ကာလပေါက်ဈေး သိန်းပေါင်း တစ်သိန်းကျော်ခန့် ရှိနိုင်ကာ မူလပိုင်ရှင်များ ဝယ်ယူခဲ့စဉ်က လက်ရှိရုပ်ရှင်ရုံနေရာ အပါအဝင် ရုပ်ရှင်ရုံ အနောက်ဘက်ရှိ ဆိုင်ခန်းနေရာများ ပါဝင်ခဲ့ပြီး အကျယ်အဝန်း အနေဖြင့် စတုရန်းပေ တစ်သောင်းခွဲကျော် ကျယ်ဝန်းကြောင်း သိရသည်။

Most Read

Most Recent