တနင်္သာရီတိုင်းဒေသကြီး၏ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီရုံးခန်း မြိတ်မြို့တွင် စတင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၏ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီရုံးခန်း မြိတ်မြို့တွင် စတင်ဖွင့်လှစ်
Published 22 April 2018

ငြိမ်းချမ်းရေးဖိုရမ် ကော်မတီရုံးခန်း မြိတ်မြို့တွင် စတင်ဖွင့်လှစ်စဉ်

တနင်္သာရီတိုင်းဒေသကြီး၏ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီရုံးခန်းကို ဧပြီ ၂၁ ရက် မြိတ်မြို့တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဖိုရမ်များ၊ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခွင့်ရှိမည်ဖြစ်ပြီး အစိုးရအသိအမှတ်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီရုံးခန်းဖွင့်ပွဲသို့ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ဖိုရမ်ကော်မတီဖြစ်ပေါ်လာပုံနှင့် ရုံးခန်းဖွင့်လှစ်ရသည့် အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

“ကော်မတီရုံးကို ဒီမှာစပြီးထားရှိ ဖွင့်လှစ်ပါတယ်။ ထားဝယ်နဲ့ မြိတ်မှာ ဘယ်မှာထားမလဲဆိုပြီး ဆုံးဖြတ်ကြတော့ မြိတ်မှာပဲ ထားမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပါ။ ထားဝယ်က အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့နေရာတော့ဖြစ်တယ်။ ဒါပေမဲ့ ဒီမှာပဲ ဖွင့်လှစ်လိုက်ပါတယ်။ ကျွန်တော်တို့ ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကတော့ ဖိုရမ်တွေကျင်းပမယ်။ အဲဒီကနေထွက်လာတဲ့ စာတမ်းတွေကို ၂၁ ပင်လုံကို ကျွန်တော်တို့တင်ပါ့မယ်။ ဒေသအလိုက်ကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှ တင်လို့ရသလို ပြည်ထောင်စုအဆင့် ကော်မတီကနေတစ်ဆင့် တင်သွင်းလို့လည်းရတယ်” ဟု အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ တိုင်းတာဝန်ခံ ဦးမိုးသူအောင်က ပြောကြားသည်။

အဆိုပါရုံးခန်းကို မြိတ်မြို့ ကွက်သစ်ရပ်ကွက် ဘီလမ်းတွင် ဖွင့်လှစ်ထားရှိမည်ဖြစ်ကာ ဖိုရမ်များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖိုရမ်ကော်မတီကို ဒုတိယပင်လုံမတိုင်မီ ဖွဲ့စည်းနိုင်ခဲ့ပြီး တိုင်းဖိုရမ်အနေဖြင့် ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုယ်စားလှယ်နှစ်ဦးစီဖြင့် ပြည်ထောင်စုကော်မတီကို ဖွဲ့စည်းထားကာ လုပ်ပိုင်ခွင့်အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းဖိုရမ်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent