ပခုက္ကူဒေသတစ်ဝိုက်ရှိ ကျေးရွာများထိဆင်း၍ ခိုင်းနွားများ ဈေးကောင်းပေး ဝယ်ယူသူ များပြားလာခြင်းကြောင့် ခိုင်းနွားဈေး နှစ်ဆခန့် မြင့်တက်သွားပြီး လုပ်ငန်းသုံး ဝယ်ယူလိုသည့် တောင်သူများ အခက်ကြုံတွေ့

ပခုက္ကူဒေသတစ်ဝိုက်ရှိ ကျေးရွာများထိဆင်း၍ ခိုင်းနွားများ ဈေးကောင်းပေး ဝယ်ယူသူ များပြားလာခြင်းကြောင့် ခိုင်းနွားဈေး နှစ်ဆခန့် မြင့်တက်သွားပြီး လုပ်ငန်းသုံး ဝယ်ယူလိုသည့် တောင်သူများ အခက်ကြုံတွေ့
Published 21 April 2018

ပခုက္ကူမြို့နယ် အတွင်းရှိ ခိုင်းနွားဖြင့် ထွန်ယက်နေသည့် တောင်သူတစ်ဦး၏ လယ်ယာလုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်

ပခုက္ကူဒေသတစ်ဝိုက်ရှိ ကျေးရွာများ ထိဆင်း၍ ခိုင်းနွားများ ဈေးကောင်းပေး ဝယ်ယူသူ များပြားလာခြင်းကြောင့် ခိုင်းနွားဈေး နှစ်ဆခန့် မြင့်တက်သွားပြီး လုပ်ငန်းသုံး ဝယ်ယူလိုသည့် တောင်သူများမှာ ငွေကြေးအခက်အခဲ ကြုံတွေ့လာကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်လယ်ယာလုပ်ငန်းသုံး နွားတစ်ရှဉ်းလျှင် ကျပ် ၁၅ သိန်းခန့်သာ ပေါက်ဈေးရှိသော်လည်း ဈေးကောင်းပေး ဝယ်ယူသူများကြောင့် ယခုအခါ ခိုင်းနွားတစ်ရှဉ်းလျှင် အနိမ့်ဆုံး ကျပ်သိန်း ၃၀ ခန့် ပေါက်ဈေးရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

“ရွာတွေထိအောင် နွားဆင်းဝယ်သူတွေရှိတယ်။ ဈေးကောင်းပေးဝယ်တာ။ အရင်က တစ်ရှဉ်း ၁၅ သိန်းဆိုရင် အတော်သင့် ခိုင်းလို့ရတဲ့ နွားရှဉ်းရပြီ။ အခု တစ်ရှဉ်းကို အနိမ့်ဆုံး သိန်း ၂၀ ကနေ သိန်း ၄၀ ထိပေးရတယ်။ သိန်း ၂၀ လောက်ပေးရတဲ့ နွာရှဉ်းက ခိုင်းလို့မရသေးဘူး။ ဝယ်ပြီး ချက်ချင်းလုပ်ငန်းသုံးချင်တယ်ဆိုရင် သိန်း ၃၀ လောက်မှ အဆင်ပြေတယ်။ ရွာတွေထိ ဆင်းဝယ်သူတွေက ယာလုပ်ဖို့ထက် နယ်စပ်ရောင်းဖို့ ဝယ်တာတွေ များပါတယ်။ တကယ် တောင်သူလုပ်မယ့်သူတွေ အတွက်ကတော့ နွားပိုင်ဖို့ ခက်လာတယ်” ဟု ပခုက္ကူမြို့နယ်ရှိ တောင်သူ ကိုစိုးညွှန့်က ပြောကြားသည်။

စိုက်ပျိုးရေးလုပ်ငန်း စတင်ချိန်တွင် မြေယာညှိခြင်းအား ထွန်စက်များဖြင့် ဆောင်ရွက်နိုင်သော်လည်း မျိုစေ့ကြဲခြင်းနှင့် ပေါင်းသင်မြက်ရှင်း လုပ်ငန်းများ လုပ်ဆောင်ရန် ခိုင်းနွားမှာ လိုအပ်နေဆဲ ဖြစ်ကြောင်းနှင့် ရေရှည်လုပ်ငန်းသုံးနွား ရှားပါးမှုကြောင့် သဘာဝမြေသြဇာ လိုအပ်ချက်ပါ မြင့်တက်လာနိုင်ကြောင်း သိရသည်။

“ပျိုးကြဲပြီး ထွန်ပိတ်တာတို့ မိုးကျပြီး ကြားတိုက်သံကွင်းတိုက်တို့က နွားနဲ့မှ အဆင်ပြေမယ်။ နွားနဲ့ ထွန်နဲ့ မပါဘဲတော့ မရသေးဘူး ။ ဒီမှာရှိတဲ့ စက်တွေက ထယ်ရေးအတွက်ပဲ အဆင်ပြေတယ်။ ကျန်တာတော့ နွားအားထားရတုန်း။ တစ်နှစ်လုံးရတဲ့ နွားချေးက စိုက်ပျိုးချိန်နီးရင် ယာထဲမှာ သဘာ၀ မြေသြဇာအနေနဲ့ ပြန်ချပြီး မြေကြီးနဲ့ သမအောင်မွှေပြီး သုံးတယ်။ နွားမရှိတော့ဘူးဆိုရင် မြေသြဇာ ပြဿနာ ရှိလာမယ်” ဟု မြိုင်မြို့နယ်မှ တောင်သူ ကိုဗညားက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စိုက်ပျိုးရာသီတွင် သီးနှံအများစုမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် အထွက်နှုန်း လျော့ကျခြင်းနှင့် ဈေးနှုန်းကျဆင်းခြင်းများကြောင့် တောင်သူများမှာ အဆင်မပြေမှုများ ကြုံတွေ့ရပြီး ချေးငွေပေးဆပ်ရန်နှင့် စားဝတ်နေရေးအတွက် ခိုင်းနွားရောင်းချရသူ များပြားကြောင်း သိရသည်။

တောင်သူများ အဆင်မပြေမှု များပြားလာသည့်အတွက် ပြင်ပထွက် အလုပ်လုပ်ကိုင်သူ များလာခြင်းကြောင့် လုပ်သားရှားပါးမှု နှစ်စဉ်ကြုံတွေ့နေရပြီး ယခုအခါ လယ်ယာလုပ်ငန်းသုံး ခိုင်းနွားရှားပါးမှုပါ ကြုံတွေ့လာရကြောင်း သိရသည်။

လာမည့် မေလနှင့် ဇွန်လများတွင် ပခုက္ကူဒေသတစ်ဝိုက် တောင်သူများ မိုးဦးသီးနှံ စတင်စိုက်ပျိုးတော့မည် ဖြစ်သော်လည်း ပဲစင်းငုံစိုက်တောင်သူ လျော့နည်းပြီး အခြားပဲတီစိမ်းနှင့် နှမ်းစိုက်ပျိုးသူ များပြားနိုင်ကြောင်း သိရသည်။