ဧပြီတတိယပတ် မွန်ပြည်နယ် ဆားထွက် ၆၅ ရာခိုင်နှုန်းရရှိပြီး နေလှန်းဆားရာသီကုန် မိုးကာလတွင် ရာနှုန်းပြည့်ထွက်ရှိရန် မသေချာမှုကြောင့် ဆားကြမ်းများဈေးထိန်း၍ ရောင်းဝယ်နေ

ဧပြီတတိယပတ် မွန်ပြည်နယ် ဆားထွက် ၆၅ ရာခိုင်နှုန်းရရှိပြီး နေလှန်းဆားရာသီကုန် မိုးကာလတွင် ရာနှုန်းပြည့်ထွက်ရှိရန် မသေချာမှုကြောင့် ဆားကြမ်းများဈေးထိန်း၍ ရောင်းဝယ်နေ
Published 20 April 2018

သံဖြူဇရပ်မြို့နယ် ပငနေလှန်းဆားလုပ်ကွက် လုပ်ငန်းခွင်ကို တွေ့ရစဉ်

ဧပြီလတတိယပတ်တွင် မွန်ပြည်နယ် တစ်ခုလုံး၏ နေလှန်းဆားထွက်ရှိမှု ၆၅ ရာခိုင်နှုန်းခန့် ရရှိနေပြီး ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ မိုးရွာသွန်းခဲ့ကာ မိုးရွာသွန်းမှုများ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းမှုများရှိနေရာ မေလလယ် မိုးဦးကျနေလှန်း ဆားရာသီ ကုန်ဆုံးရက်များတွင် ၁၀၀ ရာခိုင်နှုန်းထွက်ရှိရန် မသေချာမှုကြောင့် လက်ရှိဆားကြမ်းမျာကို ဈေးနှုန်းထိန်းသည့်အနေဖြင့် ကြိုက်ရောင်းကြိုက်ဝယ် အဖြစ်ရောင်းဝယ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ (ဧပြီ-၁၉) မနက်က မော်လမြိုင်မှာတော့ မိုးကောင်းပါတယ်။ သံဖြူဇရပ် ပငဖက်မှာတော့ ပါးပါးပဲရွာတယ်လို့ ကြားတယ်။ အခုချိန် ဧပြီ၂၀ ရက်ဝန်းကျင် မွန်ပြည်နယ်တစ်ခုလုံး နေလှန်းဆားအထွက်ရဲ့ ၆၅ ရာခိုင်နှုန်းလောက် ရနေပေမယ့် မိုးထပ်ရွာဖို့လည်း ခန့်မှန်းထားတယ်။ ဆားရာသီကုန် မေ ၁၅ ရက်အထိဆိုရင် ရာနှုန်းပြည့်မရနိုင်ဘဲ ၈၅ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၉၀ လောက်ပဲ ထွက်မယ်လို့ မှန်းထားပါတယ်။ ဆားကြမ်းဈေးကလည်း တစ်ပိဿာ ကျပ် ၁၆၀ အောက်တော့ မဖြစ်နိုင်ဘူး” ဟု မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ်မှူးဦးခင်စိုးက ပြောကြားသည်။

မွန်ပြည်နယ်တစ်ခုလုံး နေလှန်းဆား လုပ်ကွက် ဧက ၃၀၀၀ ဝန်းကျင်တွင် ဧက ၂၀၀၀ ဖြင့် အများဆုံး ထုတ်လုပ်ကာ ဆားဈေးကွက်ဖွင့်ရောင်းချလေ့ရှိသော သံဖြူဇရပ် ပငဆားလုပ်ငန်းမှ ဆားတောင်သူ ဦးကျော်သူက “ဧပြီ ၁၉ ရက် မနက်က မိုးပြေးလေးပါးပါးပဲ ရွာပါတယ်။ မော်လမြိုင်လောက်မများတော့ ဆားကွက်ပျက်လောက်အောင် မဖြစ်ပါဘူး။ မိုးကလည်းကျတော့မယ်ဆိုတော့ ဆားသမားတွေက အရောင်းထိန်းနေကြပါတယ်။ ရာသီဥတုကို ဘယ်သူမှကျိန်းသေ မပြောနိုင်တော့ လက်ရှိဆားကိုပဲထိန်းပြီး ကြိုက်ဈေးနဲ့ပဲ ရောင်းဝယ်နေကြတယ်။ ငွေလိုတဲ့သူကတော့ ရောင်းတယ်။ တစ်ပိဿာ ကျပ် ၁၆၀ ပေါ့။ မလိုတဲ့သူတွေက ဆက်ထိန်းထားတယ်” ဟု ဆိုသည်။

မွန်ပြည်နယ် နေလှန်းဆားဈေးကောင်းပြီး တွက်ခြေကိုက်မှုအရ ယခုနှစ် လုပ်ဧက ၂၆၀၀ ထက်၊ ဧက ၂၀၀ တိုး၍ ဧက ၂၈၀၀ ခန့် ထုတ်လုပ်မှု လိုင်စင်လျှောက်ထားပြီး မက်ထရစ်တန် ၂၃၀၀၀ အထိ လျာထားသော်လည်း လာနီညာမုန်တိုင်း မိုးဒီဇင်ဘာလတွင် ရွာခဲ့ပြီး မိုးထပ်မရွာသွန်းနိုင်မှုအပေါ် ဆားအထွက် တန်နှစ်သောင်းဝန်းကျင်သာ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ဆားကုန်သည်များက ခန့်မှန်းထားကြသည်။

“ဆားလုပ်ငန်းရှင် ၁၀ ဦးမှာ ခုနစ်ဦးလောက်က ငွေမပြည့်စုံဘူး။ SME ချေးငွေ လိုချင်ကြပါတယ်။ အပြင်မှာ ဆားတစ်ရာသီ သီတင်းကျွတ်ကနေ ကဆုန်အထိ ရှစ်လကို ဆားပေါ်ချိန်ပေး ၁၀/၁၅ ကျပ်တိုးနဲ့ ချေးနေရတယ်။ မိုးကဖျက်ရင် အကြွေးအတိုးနဲ့ပဲ ကိုယ့်အတွက် မကျန်ဖြစ်တတ်တယ်။ ချေးငွေတွက်ဘဏ်ကို အပေါင်ပေးဖို့၊ ဆားလုပ်မြေကွက်က ဆားမြေမဖြစ်သေးဘူး။ အခုထိ လယ်မြေပဲဖြစ်နေတော့ အပေါင်ပေးလို့မရဘူး ဖြစ်နေတယ်။ အဲဒီတွက် မြေစာရင်း၊ ထွေအုပ်တို့ အချိန်သတ်မှတ် ကုန်ကျစရိတ်တစ်ခုနဲ့ အမြန်လုပ်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု သံဖြူဇရပ်မြို့နယ်နေ ဆားတောင်သူ ဦးသောင်းအေးက ပြောကြားသည်။

မွန်ပြည်နယ်နေလှန်းဆား၏ ထုတ်လုပ်မှုစရိတ်သည် ရာသီဥတုပုံမှန်ဖြစ်ပါက ဆားကြမ်းတစ်ပိဿာ ကျပ် ၅၀/ ၆၀ ဝန်းကျင်ရှိနေပြီး ဆားကြိတ်စက်၊ သယ်ပို့စရိတ် ကျပ် ၃၀ ဆောင်းပါက လက်ရှိဆားချောပေါက်ဈေးသည် တစ်ပိဿာ ကျပ် ၁၀၀ ခန့်ဖြင့် ရောင်းဝယ်ခြင်းဖြင့် စားသုံးသူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်နိုင်ဘဲ ဈေးကွက်တည်ငြိမ်နေကြောင်း၊ ဆားကြမ်းဈေး ကျပ်၂၀၀ ဖြစ်ပြီး ဆားချောဈေးကျပ် ၂၅၀ အထိရောက်ကာ နာဂစ်ကဲ့သို့ တစ်ဖက်နိုင်ငံမှ ဆားဝင်ရောက်နိုင်မှုကို သတိထားသင့်ကြောင်း ကြိတ်စက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုနှစ် နေလှန်းဆား ထုတ်လုပ်မှုရာသီတွင် မွန်ပြည်နယ်မှ ဆားလုပ်ငန်းရှင် ၆၉ ဦးက ဆားလုပ်ကွက်ဧက ၂၈၃၉ ဒသမ ၃၁ လုပ်ကိုင်ရန် ဆားလုပ်ငန်းလိုင်စင် လျှောက်ထားကြောင်း သိရသည်။