လုယက်မှုနှင့် ခိုးမှုများကျူးလွန်ထားသည့် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရမိ

လုယက်မှုနှင့် ခိုးမှုများကျူးလွန်ထားသည့် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရမိ
Published 19 April 2018

လုယက်မှုနှင့် ခိုးမှုများကျူးလွန်ထားသည့် အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ အင်းစိန်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဧပြီ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဖမ်းဆီးရမိခဲ့သူမှာ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အောင်စည်သူ (ခ) စည်သူ (၂၀ နှစ်) ဆိုသူဖြစ်ပြီး ၎င်းကို ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် Water Bus ဂိတ်အနီးတွင် ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် ထိန်းသိမ်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈ ပြားနှင့် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ကို မသင်္ကာလို့ စစ်ဆေးခဲ့တာမှာ သူ့ဆီကနေ စိတ်ကြွဆေးပြားတွေ တွေ့တယ်။ အဲဒီတော့ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)/၂၀ (က) နဲ့ အမှုဖွင့်ပြီး ဆက်စစ်ဆေးခဲ့တာ။ လုယက်မှုတွေ၊ ခိုးမှုတွေ ထပ်ပေါ်ပေါက်တာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စစ်ဆေးချက်များအရ ၎င်းသည် ဖေဖော်ဝါရီလအတွင်းက အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် ဓနသိဒ္ဓိလမ်းပေါ်တွင် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးထံမှ ဖုန်းတစ်လုံးကိုလည်းကောင်း၊ မတ်လအတွင်းက အဆိုပါလမ်းပေါ်၌ပင် လမ်းလျှောက်လာသည့် အမျိုးသားများထံမှ Huawei အမျိုးအစားဖုန်း၊ Honor အမျိုးအစားဖုန်း၊ Vivo အမျိုးအစားဖုန်း၊ Meizu အမျိုးအစားဖုန်းတို့ကိုလည်းကောင်း၊ အောင်ဇေယျကြိုးတံတားအောက်တွင် လမ်းလျှောက်လာသည့် အမျိုးသားထံမှ ဖုန်းတစ်လုံးကိုလည်းကောင်း လုယက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် မတ်လအတွင်းက အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် အတွင်းရှိ နေအိမ်များအတွင်းမှ Vivo အမျိုးအစားဖုန်း၊ Oppo အမျိုးအစားဖုန်း၊ Mi အမျိုးအစားဖုန်းနှင့် Vivo အမျိုးအစားဖုန်း တို့ကိုလည်းကောင်း ခိုးယူခဲ့သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ထိုသို့ပေါ်ပေါက်ချက်များအရ ၎င်းကို အင်းစိန်မြို့မရဲစခန်းတွင် အမှုများအသီးသီး ရေးဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ခိုးဆိုးလုနှိုက်များကို စီမံချက်များ ချမှတ်ကာ ဖမ်းဆီးလျက်ရှိကြောင်း သိရပြီး မှုခင်းများဖြစ်ပွားမှု များပြားသည့် မြို့နယ်များတွင် လှည့်ကင်းလှည့်လည်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent