အိန္ဒိယမှ ဝယ်ယူထားသည့် ရထားစက်ခေါင်းအသစ် ၁၈ ခေါင်းအနက် စက်ခေါင်းနှစ်ခေါင်းကို ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အသုံးပြုမည်

အိန္ဒိယမှ ဝယ်ယူထားသည့် ရထားစက်ခေါင်းအသစ် ၁၈ ခေါင်းအနက် စက်ခေါင်းနှစ်ခေါင်းကို ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အသုံးပြုမည်
Published 18 April 2018

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ရထားစက်ခေါင်းများကို တွေ့ရစဉ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားလုပ်ငန်းသည် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ရထားစက်ခေါင်း အသစ် ၁၈ ခေါင်းအနက်မှ စက်ခေါင်းနှစ်ခေါင်းကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ချေးယူထားခြင်းဖြစ်ပြီး အဆိုပါ ချေးငွေများအား စက်ခေါင်းများ ဝယ်ယူခြင်း၊ မြန်မာ့မီးရထား အခြေခံ အဆောက်အအုံများ ပြန်လည် ပြုပြင်ထိန်းသိမ်းရေးစသည့် လုပ်ငန်းများတွင် အသုံးပြုမည်ဟု သိရသည်။

“အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ရထားစက်ခေါင်းအသစ် ၁၈ ခေါင်းထဲက စက်ခေါင်းလေးခေါင်းကို မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနဲ့ နှစ်ခေါင်းကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ အခုနှစ်အတွင်းမှာ ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် အိန္ဒိယနိုင်ငံ RITES Ltd တို့ စာချုပ်ချုပ်ဆို ဝယ်ယူထားသည့် YDM-4 စက်ခေါင်း ၁၈ ခေါင်းအား ၂၀၁၈ ခုနှစ် မတ်လအတွင်းက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

မြန်မာ့မီးရထားလုပ်ငန်းသည် အိန္ဒိယနိုင်ငံမှ စာချုပ်ချုပ်ဆိုဝယ်ယူခဲ့သည့် ရထားစက်ခေါင်း ၁၈ ခေါင်းအနက် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ပထမအသုတ်အနေဖြင့် စက်ခေါင်းခြောက်ခေါင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဒုတိယအသုတ်စက်ခေါင်း ခြောက်ခေါင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက နောက်ဆုံးအသုတ်အနေဖြင့် စက်ခေါင်းခြောက်ခေါင်း ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ခေါင်းများအနက် စက်ခေါင်းအချို့ကို စက်အစိတ်အပိုင်းများ စစ်ဆေးခြင်းနှင့် စက်နှိုးစမ်းသပ်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများ ဆောင်ရွက်ပြီး မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် လူစီးနှင့် ကုန်တင်ရထားများ၌ ပြေးဆွဲနေပြီဟု သိရသည်။

အဆိုပါ စက်ခေါင်းများအား မြန်မာ့မီးရထားလုပ်ငန်း၏ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးတွင် လိုအပ်နေသည့် စက်ခေါင်းလိုအပ်ချက်ကို အားဖြည့်အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ စက်ခေါင်း ၁၈ ခေါင်း ဝယ်ယူရေးလုပ်ငန်းအတွက် ၂၀၁၆ ခုနှစ် မတ်လက သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အိန္ဒိယနိုင်ငံ Varanasi မြို့ရှိ DLW စက်ရုံထုတ် ဒီဇယ်လျှပ်စစ်စက်ခေါင်း အမျိုးအစားဖြစ်ပြီး စက်ခေါင်းတစ်ခေါင်းလျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်းရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အိန္ဒိယနိုင်ငံမှ တင်ဒါစနစ်ဖြင့် ဝယ်ယူထားပြီး ရောက်ရှိရန် ကျန်ရှိနေသည့် စက်ပစ္စည်းနှင့် စက်ခေါင်း၊ တွဲအရန်ပစ္စည်းများသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ ဆက်လက်ရောက်ရှိမည်ဟု သတင်းရရှိသည်။

Most Read

Most Recent