ဘားအံမြို့နယ် ဇွဲကပင်-နောင်လုံကားလမ်း ဓူဝေဘုရားကျောင်းအနီးတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက်ကာ ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

ဘားအံမြို့နယ် ဇွဲကပင်-နောင်လုံကားလမ်း ဓူဝေဘုရားကျောင်းအနီးတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက်ကာ ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
Published 17 April 2018

လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့သည့် ယာဉ်အားတွေ့ရစဉ်

ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင်- နောင်လုံကားလမ်း ဓူဝေဘုရားကျောင်း အနီးတွင် ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက်ကာ ယာဉ်ပေါ်လိုက်ပါလာသူ ၁၀ ဦးအနက် ယာဉ်မောင်း အပါအဝင် ခြောက်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် နံနက် ၁ နာရီခန့်က ဘားအံမြို့နယ် ဇွဲကပင်-နောင်လုံ ကားလမ်းတွင် ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ ထုံးအိုင်နယ်မြေရဲ စခန်းမှူး ရဲအုပ်ညီညီမိုး ဦးစီးအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဇွဲကပင်-နောင်လုံ ကားလမ်းအတိုင်း ဇွဲကပင်ဘက်မှ နောင်လုံဘက်သို့ မောင်ပဲ့ (ခ) စောကျော်ဘမောင် တလန်ကျေးရွာ ကော့မူးတာကျေးရွာအုပ်စု ဘားအံမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တစ်ရွာတည်းနေထိုင်သူများဖြစ်သော စောအလူ (၂၈ နှစ်) အောင်စိုးသိန်း (၂၄ နှစ်) ဌေးဝင်း (၂၉ နှစ်) ပိုင်ပိုင် (၂၄ နှစ်) စောနိုင်နိုင် (၁၄ နှစ်) သန်းနိုင်ဦး (၁၉ နှစ်) လူပု (ခ)ကျော်ရဲနိုင် (၂၀ နှစ်) ကျော်ရဲအောင် (၂၆ နှစ်) နိုင်ဦး (၁၉ နှစ်) တို့ လိုက်ပါလာသော 1K/---- နံပါတ်တပ် NAVARA အမျိုးအစား အမည်းရောင် တစ်ခန်းတွဲယာဉ်သည် ဓူဝေဘုရားကျောင်းအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများအနက် နိုင်ဦး၊ သန်းနိုင်ဦး၊ လူပု (ခ) ကျော်ရဲနိုင်၊ စောနိုင်နိုင်၊ ကျော်ရဲအောင်တို့ငါးဦးမှာ လွင့်စင်သွားပြီး ဓူဝေဘုရားကျောင်းအုတ်တံတိုင်းနှင့် ဦးခေါင်းစောင့်မိ၍ ငယ်ထိပ်ကွဲဒဏ်ရာများဖြင့်လည်းကောင်း၊ ယာဉ်မောင်း မောင်ပဲ့ (ခ) စောကျော်ဘမောင်တွင် နှာခေါင်းသွေးထွက်၊ နားထင်ကွဲဒဏ်ရာဖြင့်လည်းကောင်း အသီးသီးရရှိကာ အဆိုပါခြောက်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အောင်စိုးသိန်းတွင် ရင်ဘတ်နှင့် ချိုင်းအောက်တို့တွင် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ စောအလူးတွင် ယာဘက်ချိုဇောင်းပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)၊ ဌေးဝင်းတွင် ဝဲလက်မောင်းပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ)၊ ပိုင်ပိုင်တွင် ဝဲခြေသလုံးဖူးရောင် (မစိုးရိမ်ရ) ဒဏ်ရာတို့ အသီးသီး ရရှိခဲ့၍ ဘားအံဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်အားမဆင်မခြင် မောင်းနှင်မှုကြောင့် မိမိနှင့် အခြားသူများကို ထိခိုက်နာကျင်သေဆုံးအောင် မောင်းနှင်သူ မောင်ပဲ့ (ခ) စောကျော်ဘမောင်အား ထုံးအိုင်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent