မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ည ၉ နာရီ မှ နံနက် ၅ နာရီအထိ အချိန်လျှော့ချ ပြင်ဆင်ထုတ်ပြန်

မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ည ၉ နာရီ မှ နံနက် ၅ နာရီအထိ အချိန်လျှော့ချ ပြင်ဆင်ထုတ်ပြန်
Published 13 April 2018

ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းက မီးသတ်ဌာနမှ ညမထွက်ရအမိန့် လိုက်လံကြေညာနေမှုအား တွေ့ရစဉ်

မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ယခင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအချိန်ထိ သတ်မှတ်ထားရာမှ ယခုတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ အချိန်လျှော့ချ ပြင်ဆင်ထုတ်ပြန်ခြင်းကို ဧပြီ ၁၂ ရက်နေ့ ညနေပိုင်း ကြေညာခဲ့ကြောင်း သိရသည်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ (၂၅.၂.၂၀၁၈)ရက်နေ့တွင် (၁/၂၀၁၈)ဖြင့် ထုတ်ပြန်ထားရှိသော ညနေ ၆ နာရီမှ နံနက် ၆ နာရီအချိန်ထိ ညမထွက်ရအမိန့်ကို ၂၀၁၈ ခုနှစ် ဧပြီလ (၁၂) ရက်နေ့ ထုတ်ပြန်သည့် အမိန့်အမှတ်(၂/၂၀၁၈) ဖြင့် လွှမ်မိုးပယ်ဖျက်ပြီး ယခင်ထုတ်ပြန်ထားရှိသော ည(၆) နာရီမှ နောက်တစ်နေ့ နံနက်(၆)နာရီအစား ည(၉)နာရီမှ နောက်တစ်နေ့ နံနက်(၅)နာရီအချိန်ထိ ပြင်ဆင်ရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ နောက်ထပ်(၂)လ ပုဒ်မ-၁၄၄ အား မောင်တောမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များ လိုက်လံနှိုးဆော် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြေညာချက်တွင် ယခုချိန်တွင် နယ်မြေတည်ငြိမ် အေးချမ်းမှု ရှိလာပြီ ဖြစ်သော်လည်း တရားဥပဒေစိုးမိုးမှု ရရှိစေရေးအတွက် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သည့်အတွက် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်စွာ ဆက်သွယ်သွားလာမှု ကန့်သတ်ချက်များအပြင် စားဝတ်နေရေး ကိစ္စရပ်များအပေါ် အထိုက်အလျောက် ထိခိုက်မှု ရှိနေသည့်အအတွက် ဒေသအတွင်းနေ ပြည်သူလူထု၏ ရေရှည်အကျိုးကို မျှော်ကိုး၍ ပုဒ်မ-၁၄၄ အမိန့် ထုတ်ပြန်ထားသည့် ကန့်သတ်ချိန်ကို လျော့ပေါ့စဉ်းစားပေးရန် လိုအပ်ကြောင်း သုံးသပ်ရရှိသည်ဟု ပါရှိပြီး မောင်တောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့ သွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်း နေရာများတွင် (၅)ဦး(သို့မဟုတ်) (၅)ဦးထက်ပိုသောသူများ စုဝေးခြင်း မပြုလုပ်ရေးအတွက် ယခင်ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို ပြင်ဆင်ထုတ်ပြန်သည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ အား ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent