ရန်ကုန်သြင်္ကန်အတွက် စီးပွားဖြစ်မဏ္ဍပ်ပါမစ် လာရောက်ထုတ်ယူသူ လက်ရှိအချိန်အထိ ၁၆ ခုသာရှိ

ရန်ကုန်သြင်္ကန်အတွက် စီးပွားဖြစ်မဏ္ဍပ်ပါမစ် လာရောက်ထုတ်ယူသူ လက်ရှိအချိန်အထိ ၁၆ ခုသာရှိ
Published 12 April 2018

ရန်ကုန်သြင်္ကန်အတွက် ဆောက်လုပ်နေသည့် ပုဂ္ဂလိကမဏ္ဍပ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)

ရန်ကုန်သြင်္ကန်အတွက် စီးပွားဖြစ် မဏ္ဍပ်ပါမစ် လာရောက်ထုတ်ယူသူ လက်ရှိအချိန် အထိ ၁၆ ခုသာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ လက်ထောက်ဌာနမှူး ဦးစိုးလှိုင်က ဧပြီ ၁၁ ရက်တွင် ပြောကြားသည်။

“ကျွန်တော်တို့ ဒီနေ့အထိ ခွင့်ပြုထားတဲ့ မဏ္ဍပ်အကြီးက ၁၂ ခု၊ မဏ္ဍပ်အလတ်က ၂၃ ခု၊ လမ်းလျှောက်မဏ္ဍပ်ကတော့ ပထမပြောထားတဲ့အတိုင်းပဲ လေးခုဖြစ်ပါတယ်။ စုစုပေါင်း မဏ္ဍပ် ၃၅ ခုမှာ ဌာန ဆိုင်ရာ မဏ္ဍပ် ၁၉ ခုပါတယ်။ ပုဂ္ဂလိကမဏ္ဍပ်ကတော့ ၁၆ ခု ဖြစ်ပါတယ်။ ပါမစ်လာမထုတ်သွားဘူးဆိုရင်တော့ မြေပြင်မှာ စစ်ဆေးတဲ့အဖွဲ့ရှိတယ်။ ပါမစ်မရှိဘဲ လုပ်တဲ့ဟာကို ရန်ကုန်တိုင်းအနေနဲ့ရော သြင်္ကန်ကျင်းပရေး ကော်မတီအနေနဲ့ရော အရေးယူမှာဖြစ်တယ်။ အရေးယူတာက ဒဏ်ကြေးနဲ့တော့ မရဘူး။ ငွေသွင်းလက်ခံတာက ဧပြီ ၁၂ ရက်အထိ လက်ခံသွားမှာဖြစ်တယ်” ဟု ဦးစိုးလှိုင်က ပြောသည်။

၂၀၁၈ခုနှစ် မြန်မာ့ရိုးရာသြင်္ကန်မဏ္ဍပ်များ စာရင်းချုပ်သည် ပြည်လမ်းတွင် မဏ္ဍပ်ကြီးခုနစ်ခု၊ မဏ္ဍပ်လတ်လေးခု၊ ဌာနဆိုင်ရာ မဏ္ဍပ် ၃၂ ခု၊ ဝေဇယန္တာလမ်းတွင် မဏ္ဍပ်ကြီး လေးခု၊ အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် မဏ္ဍပ်ကြီး တစ်ခု၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မဏ္ဍပ်ကြီး လေးခု၊ မဏ္ဍပ်လတ်တစ်ခု၊ မင်းဓမ္မလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ အနော်ရထာလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ မဏ္ဍပ်လတ်တစ်ခု၊ ကုန်သည်လမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ ပါရမီလမ်းတွင် မဏ္ဍပ်လတ်နှစ်ခု၊ အင်းစိန်လမ်းတွင် မဏ္ဍပ်လတ်တစ်ခု၊ စက်မှု(၁)လမ်းတွင် မဏ္ဍပ်လတ်နှစ်ခု၊ ကန်တော်ကြီးပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်နှစ်ခု၊ ဦးဥတ္တမပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်တစ်ခု၊ မဟာဗန္ဓုလပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်တစ်ခုတို့ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်တွင် မဏ္ဍပ်တည်ဆောက်မည့် သူများအနေဖြင့် လိုက်နာရမည့်အချက်များသည် သတ်မှတ်ခွင့်ပြုပေးသည့်နေရာ၊ သတ်မှတ်ခွင့်ပြုပေးသည့် အတိုင်းအတာအတိုင်းသာ ဆောက်လုပ်ရမည်ဖြစ်ပြီး ခွင့်ပြုသည့် နေရာမှ ကျော်လွန်၍လည်းကောင်း၊ ရွှေ့ပြောင်း၍လည်းကောင်း၊ ဆောက်လုပ်ခွင့်မပြုကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက မဏ္ဍပ်ဆောက်လုပ်ခွင့်အား ပြန်လည်ရုပ် သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူမှ အခြားသူများကို ငှားရမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လျှောက်ထားသူကိုယ်တိုင် ဆောက်လုပ်အသုံးပြုရန်ဖြစ်ကြောင်း၊ လိုက်နာမှုမရှိပါက မူလခွင့်ပြုချက်ရရှိထားသော ပိုင်ရှင်မှ ၎င်းပေးသွင်းထားသည့် စပေါ်ငွေအနက် မဏ္ဍပ်ကြီးအတွက် ကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ မဏ္ဍပ်အလတ်အတွက် ကျပ်သိန်း ၃၀ ကိုလည်းကောင်း ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သြင်္ကန်မဏ္ဍပ်ဆောက်လုပ်ခြင်းကြောင့် လမ်းသား၊ စြင်္ကန်နှင့် ရေမြောင်းများ ပျက်စီးမှုဖြစ်ပေါ်ပါက ပြန်လည်ပြင်ဆင်ရန်အတွက် ပျက်စီးမှုအတိုင်းအတာအလိုက် ကျသင့်တန် ဖိုးငွေအားပေးသွင်းထားရှိသည့် စပေါ်ငွေမှ အင်ဂျင်နီယာ (လမ်းနှင့်တံတား) သို့ ပေးသွင်းရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုရန် လျှောက်ထားသူသည် သြင်္ကန်အပြီး ၅ ရက်တွင်မဏ္ဍပ်များကို ပတ်ဝန်းကျင်အား မထိခိုက်စေဘဲ သပ်ရပ်စွာ အပြီးအစီး ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း၊ နောက်ကျပါက တစ်ရက်လျှင် ဒဏ်ကြေးကျပ် ငါးသိန်း နေ့စဉ်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မဏ္ဍပ်ဆောက်လုပ်မှုအား သြင်္ကန်အကြိုနေ့မတိုင်မီ သုံးရက်အလိုတွင် မဏ္ဍပ်များအား အပြီးဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မဏ္ဍပ်များဆောက်လုပ်မှုကို မဏ္ဍပ်ကြံ့ခိုင်မှု စစ်ဆေးရေးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုနှင့်အညီ ဆောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။