ပခုက္ကူဒေသတစ်ဝိုက် တောင်သူများ ပဲစင်းငုံဈေး မြင့်တက်လာခြင်းမရှိသည့်အတွက် ယခုနှစ် မိုးဦးကျတွင် သီးနှံစိုက်ပျိုးသူ နည်းပါးနိုင်

ပခုက္ကူဒေသတစ်ဝိုက် တောင်သူများ ပဲစင်းငုံဈေး မြင့်တက်လာခြင်းမရှိသည့်အတွက် ယခုနှစ် မိုးဦးကျတွင် သီးနှံစိုက်ပျိုးသူ နည်းပါးနိုင်
Published 8 April 2018

ပခုက္ကူဒေသတစ်ဝိုက် တောင်သူများမှာ ယခုဧပြီလအထိ ပဲစင်းငုံဈေး မြင့်တက်လာခြင်းမရှိသည့်အတွက် ယခုနှစ် မိုးဦးရွာသွန်းချိန်တွင် မိုးဦးသီးနှံ ပဲစင်းငုံစိုက်ပျိုးသူ နည်းပါးမည်ဖြစ်ကြောင်း ဒေသခံတောင်သူများမှ သိရသည်။

လက်ရှိသီးနှံဈေးကွက်အတွင်း ပဲစင်းငုံသီးနှံမှာ တစ်တင်းကျပ် ၁၀၀၀၀ အောက်ရောက်ရှိနေခြင်း၊ ထုတ်လုပ်မှုစရိတ် အရင်းပင်ပြန်လည်မရရှိခြင်းနှင့် အစားထိုးစိုက်ပျိုးရန် သီးနှံနည်းပါးခြင်းတို့ကြောင့် ယခုနှစ် မိုးဦးရွာသွန်းပြီးချိန် စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ပဲစင်းငုံရဲ့ လက်ရှိအခြေအနေက မကောင်းသေးသလို ကောင်းလာနိုင်ခြေလည်း မမြင်သေးတဲ့အတွက် ဘယ်သူမှမစိုက်ရဲတော့ဘူး။ ပြီးခဲ့တဲ့နှစ်စိုက်ထားသမျှက အရင်းပြန်မရကြဘူး။ ထုတ်လုပ်မှုစရိတ်က တစ်တင်းကျပ် ၂၀၀၀၀ လောက်ကျပေမယ့် ကိုယ်ပြန်ရတာ တစ်တင်း ၁၀၀၀၀ ကျပ်ဆိုတာ အလွန်ဆုံးပဲ။ မြေပဲတို့နှမ်းတို့လည်း စက်တင်ဘာ မိုးရွာချိန်မှစိုက်တော့မယ်။ တောင်သူအတွက် အရင်နှစ်သီးစားစိုက်နေတာကနေ ဒီနှစ်တစ်သီးပဲစိုက်နိုင်မယ့် အခြေအနေရောက်နေတာ။ မြေအခြေအနေအရလည်း တခြားသီးနှံပြောင်းစိုက်ရင် အပင်ဖြစ်ဖို့မလွယ်ဘူး” ဟု မြိုင်မြို့နယ် အိုရင်းရွာမှ ကိုဗညားက ပြောကြားသည်။ ပဲစင်းငုံ အဓိကထားစိုက်ပျိုးသည့် ဒေသများတွင် မိုးဦးသီးနှံစိုက်ပျိုးမှု လျော့နည်းနိုင်ပြီး ပဲတီစိမ်း၊ မြေပဲစိုက်ပျိုးသည့်ဒေသများတွင် မိုးဦးရွာသွန်းပြီးပါက ပဲစင်းငုံသီးနှံမှလွဲ၍ ကျန်သီးနှံများ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တု့ိဘက်ကတော့ မိုးဦးမှာ ပဲစင်းငုံစိုက်မှာ မဟုတ်ပါဘူး။ တခြားပဲတီစိမ်းတို့ မြေပဲတို့စိုက်မှာပါ။ ပဲတီစိမ်းဈေးနှုန်း နားစွင့်ပြီးမဆိုးဘူးဆိုရင် မိုးဦးကျပြီးတာနဲ့စိုက်ကြမှာပါ။ နောက်တစ်မိုး အချိန်မီထပ်ရွာရင် မြေပဲထပ်စိုက်ကြမှာပါ။ ပဲစင်းငုံကတော့ လုံးဝမစိုက်တော့ဘူး” ဟု ပခုက္ကူမြို့နယ် ကိုင်းကျေးရွာမှ တောင်သူကိုသက်ခိုင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံမှာ အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် အထွက်နှုန်းလျော့ကျသည့်အပြင် ဈေးနှုန်းအလွန်အမင်းကျဆင်းမှုပါ ကြုံတွေ့ခဲ့သည့်အတွက် တောင်သူများမှာ စိုက်ပျိုးစရိတ်ဆုံးရှုံးမှု များပြားခဲ့သည်။

မြေပဲသီးနှံမှာလည်း ကြွက်ဝင်ရောက်ပျက်စီးမှုကြောင့် စိုက်ခင်းများအထွက်နှုန်း ကျဆင်းမှုကြုံတွေ့ခဲ့ရပြီး နှမ်းသီးနှံမှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် ဈေးနှုန်းကျဆင်းခြင်းကြောင့် တောင်သူများ အကျိုးအမြတ်နည်းခဲ့ကြောင်း သိရသည်။

ပခုက္ကူသီးနှံဈေးကွက်အတွင်း ယခုဧပြီ ၆ ရက်ဈေးကွက်တွင် ပဲစင်းငုံတစ်တင်း (အဟောင်း) ကျပ် ၈၅၀၀ မှ အမြင့်ဆုံး ၉၅၀၀၊ ပဲစင်းငုံတစ်တင်း (အဟောင်း) ကျပ် ၁၁၉၀၀ နှင့် နှမ်းနက်စမုံတစ်တင်းကျပ် ၃၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၃၈၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

ပဲစင်းငုံသီးနှံမှာ ၂၀၁၇ ခုနှစ် ဈေးကွက်မတိုင်မီအထိ တစ်တင်းအနိမ့်ဆုံးကျပ် ၂၂၀၀၀ ခန့်ဖြင့် ရောင်းဝယ်ခဲ့ပြီး ရာသီဥတုဖောက်ပြန်မှုဒဏ် ခံနိုင်ရည်ရှိသည့် ရက်ရှည်သီးနှံဖြစ်သည့်အတွက် အညာဒေသတောင်သူများ အားထားစိုက်ပျိုးခဲ့ရကြောင်း သိရသည်။