(၁၈) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံ အိတ်ဖွင့်ပေးစာပေးပို့

(၁၈) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံ အိတ်ဖွင့်ပေးစာပေးပို့
Published 7 April 2018

(၁၈) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့ အစည်းများငြိမ်းချမ်းရေးဖိုရမ်က မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံသို့ အိတ်ဖွင့်ပေးစာပေးပို့ ထားကြောင်း သတင်းရရှိသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို ဧပြီ ၄ ရက်နှင့် ၅ ရက်များက ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုမှ အရပ်ဘက်ကွန်ရက်နှင့် အရပ်ဘက်အဖွဲ့အစည်း ၁၁၃ ဖွဲ့မှ ကိုယ်စား လှယ်များ၊ တစ်သီးပုဂ္ဂလများအပါအဝင်  ၁၉၃ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး၊ ဖိုရမ်တွင် “မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ လက်ရှိအခြေအနေအပေါ် ပြန်လည်သုံးသပ်ခြင်း”ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဖိုရမ်၌ ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အမျိုးသမီး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူများလတ်တလောကြုံတွေ့နေရသည့်အခြေအနေများအပေါ် ဆွေးနွေးသုံးသပ်ခဲ့မှုများကို အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ PPST ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊  FPNCC ဥက္ကဋ္ဌနှင့် DPN အဖွဲ့ခေါင်းဆောင်ခူဦးရယ်တို့ထံ အိတ်ဖွင့်ပေးစာ ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ (၁၈) ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်မှာ (CsFOP) ကနေမှ ထွက်ပေါ်လာတဲ့ Open Letter အိတ်ဖွင့်ပေးစာမှာ အဓိကခေါင်းစဉ်လေးခုပါရှိတယ်။ တိုင်းနဲ့ပြည်နယ်ကိုယ်စား လှယ်တွေထဲက ဆွေးနွေးသွားခဲ့တဲ့အချက်တွေဖြစ်တယ်။ ဒီအိတ်ဖွင့်ပေးစာကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ၊ ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ PPST ရဲ့ဥက္ကဋ္ဌဖြစ်သူရယ်၊ ပြီးတော့  DPN အဖွဲ့ ခေါင်းဆောင်ဖြစ်သူရယ်၊ FPNCC ရဲ့ ဥက္ကဋ္ဌ ဖြစ်သူတွေဆီကို လိပ်မူပြီးတော့ ပေးပို့သွားမှာ ဖြစ်ပါတယ်”ဟု အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်မှ လုပ်ငန်းကော်မတီဝင် ဦးဇင်မင်းဖြိုးက ပြောကြားသည်။

အိတ်ဖွင့်ပေးစာတွင် အမျိုးသားပြန် လည်သင့်မြတ်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးရန်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးရန်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးနှင့် အရပ်သား အကာအကွယ်ပေး ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးရန်များနှင့် ကြားကာလဆိုင်ရာ ကိစ္စရပ်များ စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ တစ်ခုချင်းစီအလိုက် ဆောင်ရွက်သွားရန်များကို ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာပေးပို့သွားရန် ကိစ္စနှင့် ပတ်သက်၍ ဧပြီ ၆ ရက်က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်ခဲ့ရာ (၁၈) ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးခဲ့မှုများကိုပြန်လည်ရှင်းလင်းတင်ပြခြင်း၊ အိတ်ဖွင့်ပေးစာ ဖတ်ကြားခြင်းနှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မြေပြင်အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဖြစ်စဉ်အား ထိရောက်စွာအထောက်အကူပြုနိုင်ရန် လူထုအခြေပြုအဖွဲ့အစည်းများဦးဆောင်သည့် ဆွေးနွေးပွဲများပေါ်ပေါက်လာရေးနှင့် ကျယ်ပြန့်လာရေးကို ရည်မှန်းလျက် အရပ်ဘက်လူ့အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ်ကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့ ခြင်းဖြစ်သည်။