<

တပ်မတော်နှင့် ကေအိုင်အေတို့ ကချင်ပြည်နယ် ဖားကန့်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ယာဉ်အစီးရေရာနှင့်ချီ ပိတ်မိနေ

တိုက်ပွဲများကြောင့် ဖားကန့်အတက်ကားများ နန့်တိန်းကျေးရွာတွင် ပိတ်မိနေစဉ်

တပ်မတော်နှင့် ကေအိုင်အေတို့ ဧပြီ ၆ ရက်က ဖားကန့်မြို့နယ် ဖားကန့်လမ်းမကြီးပေါ် တံတားညီနောင် အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းကြောင့် ကားအစီးရေ ရာနှင့်ချီ ပိတ်မိနေကြောင်း သတင်းရရှိသည်။

ပစ်ခတ်မှုများမှာ ဧပြီ ၆ ရက် နံနက်ပိုင်း ကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖားကန့်သို့ အတက်ကားများမှာ နန့်ယားကျေးရွာတွင် လည်းကောင်း၊ အဆင်းကားများမှာ နန့်တိန်းကျေးရွာ အနီးတွင်လည်းကောင်း ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဖားကန့်မှပြန်လာသည့် ယာဉ်မောင်းတစ်ဦးက “ဖြစ်တာကတော့ မနက်ကတည်းက ဖြစ်နေတာ။ ကားတွေက နှစ်မိုင်လောက် ပိတ်တယ်။ ကားအစီးရေ ၃၀၀ ကျော်မယ်။ လေယာဉ်တွေနဲ့လည်း သွားတယ်ဗျ။ နှစ်စင်း။ ပစ်သလား မပစ်လားတော့ အတိအကျ မသိဘူး။ အတော်ပြင်းတဲ့ သဘောရှိတယ်။ လက်နက်ကြီးသံတွေလည်း ကြားတယ်။ လမ်းပေါ်မှာ ဖြစ်တာက နန့်ယားနဲ့ နန့်တိန်းကြား တံတားညီနောင်မှာ ဖြစ်တာ။ ကားတွေက ပိတ်ဆို့ပြီး မောင်းလာရတော့ ဘေးကိုမကြည့်အားဘူး။ လမ်းပေါ်မှာ အသေအပျောက်တွေ မတွေ့ဘူး။ ကေအိုင်အေရော စစ်သားရော မတွေ့ဘူး။ ဆက်ဖြစ်ရင်တော့ ဒုက္ခပေါ့။ လမ်းမှာလည်း မိုးကောင်း ရှစ်မိုင်ဘက် အထွက်လမ်းမှာလည်း ဂိတ်တွေက ဖြစ်ချင်သလို ဖြစ်နေတာ။ ပိတ်လိုက် လွှတ်လိုက်တာ ဖြစ်နေတာ။ တစ်လမ်းလုံးလည်း ငွေကြေးတွေ တောင်းနေတာ။ များတော့မများဘူး။ အခုဖြစ်ရင် ပိုဆိုးတာပေါ့” ဟု ပြောကြားသည်။

တနိုင်းဒေသ KIA ရင်း (၁၄) တပ်ရင်း နယ်မြေအတွင်း ရွှေနှင့်ပယင်း လုပ်ကိုင်နေသူများအား ဧပြီ ၁၀ ရက် နောက်ဆုံးထား ထွက်ခွာပေးရန်နှင့် ပြောက်ကျားစစ်နှင့် မိုင်းစစ်ဆင်ရေး လုပ်မည်ဟု ဧပြီ ၅ ရက်က သတိပေးချက် ထုတ်ပြန်ပြီးနောက်ပိုင်း ယခုလို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ရင်း (၁၄) နယ်မြေ၊ ဟူးကောင်းခရိုင် နယ်မြေဒေသ အတွင်းရှိ ရှဒူဇွပ်ဂျာဝမ်၊ နန်ဗျူ၊ နန့်ကွမ်း၊ တုံမဏီ၊ ဒဂွမ်ချောင်း၊ ဒဘားချောင်းဖျားရွှေမှော်နှင့် ပယင်းမှော်များတွင် ခိုးတူးလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ၊ လက်လုပ်လက်စား မိဘပြည်သူများသို့ အသိပေးကြောင်း၊ ဧပြီ ၁၀ ရက်မှစ၍ ပြောက်ကျား စစ်ဆင်ရေးနှင့် မိုင်းစစ်ဆင်ရေးများ ပြုလုပ်မည်ဖြစ်၍ မိမိရပ်ရွာသို့ အမြန်ဆုံး ထွက်ခွာကြပါရန် သတိပေးကြောင်း၊ လိုက်နာခြင်းမရှိဘဲ ဆက်လက်ခိုးတူး လုပ်ကိုင်နေသော မိဘပြည်သူများသည် ဖြစ်ပေါ်လာသော ပြဿနာ အလုံးစုံနှင့် ပတ်သက်၍ မိမိ၏ ကံကြမ္မာနှင့် မိမိသာဖြစ်ကြောင်း၊ မိမိဆွေမျိုးများနှင့် မိတ်ဆွေများအား ဆက်လက် အသိပေးစေလိုကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြစ်ကြီးနားအခြေစိုက် KIO နည်းပညာ အကြံပေးအဖွဲ့ရုံးမှ ပြောဆိုခွင့်ရှိသူ ဦးဒေါင်ခါးက “စာထုတ်တာက အမှန်ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာက လွန်ခဲ့တဲ့နှစ် မိုးဝင်စ ကာလကတည်းက တပ်မတော်ကလည်း စာတွေဖြန့်ဝေပြီး မောင်းထုတ်ခဲ့တယ်။ ကျေးရွာဒေသခံတွေက တနိုင်းမြို့ပေါ်ကို ရောက်နေကြပါပြီ။ အခုက ဒေသခံနည်းနည်း၊ တခြားအောက်ပြည် အောက်ရွာက လာတဲ့သူတွေ အများစုက ရွှေ၊ ပယင်း ၀င်လုပ်နေတဲ့ သူတွေကို သတိပေးတဲ့ သဘောပါ။ KIA က ပြောက်ကျားစစ်ထိုးရင် မဆိုင်သူတွေ အထိနာမှာကြောင့်လို့ သိရတယ်။ တပ်မဟာ (၂) လက်အောက်ခံ KIA ရင်း (၁၄) က လွန်ခဲ့တဲ့ လပိုင်းကတည်းက တပ်မတော်က ၀င်သိမ်းလိုက်တော့ ရင်း (၁၄) ရယ် ဖားကန့်ဘက်က ရင်း (၆) ရယ်က နေရာအမှန် မရှိတော့ဘဲ လှုပ်ရှားတပ်အသွင် နေကြရတာ ဖြစ်ပါတယ်။ တပ်ရင်းနှစ်ခုစလုံးက တစ်ဆက် တစ်စပ်တည်း ဖြစ်ပါတယ်။ စစ်ရေးအနေနဲ့က ကျွန်တော်တို့အပိုင်း မဟုတ်တော့ သိလည်းမသိသလို ပြောပိုင်ခွင့်လည်း မရှိပါဘူး” ဟု ပြောကြားသည်။

ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ယင်း တနိုင်း-ဟူးကောင်း ချိုင့်ဝှမ်းဒေသ ပြဿနာများနှင့် ပတ်သက်၍ အစပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့ နှစ်ဖက်အပြန်အလှန် စကားကမ်းလှမ်း ပြောဆိုမှုများ ရှိသော်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း ဆက်ဆံရေး ပြောဆိုမှု မရှိတော့ကြောင်း၊ ယင်းဒေသတွင် စစ်ဆင်ရေးလုပ်မည့် အခြေအနေများကြောင့် ရွှေမှော်၊ ပယင်းမှော်များတွင် ရောက်ရှိနေသူများကို ထိခိုက်မှုများ ရှိနိုင်သည့်အတွက် ထွက်ခွာစေခြင်းဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွား လာနိုင်ကြောင်း ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ တစ်ကျော့ပြန် စစ်ပွဲများကြောင့် လူဦးရေ တစ်သိန်းကျော် နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေခဲ့ရသည်မှာ ၂၀၁၈ ခုနှစ် ဇွန် ၉ ရက်တွင် ခုနစ် နှစ်ပြည့်တော့မည်ဖြစ်သည်။

April 6, 2018














Copy Protected by Chetan's WP-Copyprotect.