နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့သို့ လာရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့သို့ လာရောက်မည်
Published 7 April 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၀ ရက်တွင် ၎င်းမိခင်၏ ဇာတိမြို့ဖြစ်သော မြောင်းမြမြို့သို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြောင်းမြကြိုးတံတား ပြတ်ကျခဲ့သောကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ မြောင်းမြမြို့သို့ နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် လာရောက်မည်ဖြစ်ကြောင်း၊ မြောင်းမြ ဂုန်နီစက်ရုံရှိ ရဟတ်ယာဉ်ကွင်းတွင် ဆင်းသက်ကာ ၎င်း၏မိခင်ဖြစ်သူဒေါ်ခင်ကြည် ကိုးကွယ်ခဲ့သည့် ဇေယျမေဒိနီ ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဂါရဝပြု၍ မြို့ပေါ်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ယင်းနောက်ပြတ်ကျခဲ့သည့် မြောင်းမြကြိုးတံတားနေရာအား သွားရောက်ကြည့်ရှု ပြီးနောက် ရဟတ်ယာဉ်ဖြင့်ပင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်အချိန်ရောက်မယ်၊ ဘာလုပ်မယ်ဆိုတာ အသေးစိတ်တော့ မသိရသေးဘူး။ စီစဉ်စရာရှိတာတွေတော့ စီစဉ်နေပါတယ်။ အသေအချာတော့ ဘာမှပြောလို့ မရသေးဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်မည့် ခရီးစဉ်အတွက် မြောင်းမြမြို့ပေါ်တွင် ပြင်ဆင်မှု စတင်ပြုလုပ်နေပြီဖြစ်ပြီး လုံခြုံရေးဆိုင်ရာ စီမံချက်များကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။