မြောင်းမြမြို့မှ တစ်ဖက်ကမ်းသို့ ဇက်သုံးစင်းဖြင့် ပို့ဆောင်ပေးနေသော်လည်း မြို့ပေါ်တွင် ကားအစီးရေ ၁၀၀ ကျော် ပိတ်မိနေဆဲဖြစ်

မြောင်းမြမြို့မှ တစ်ဖက်ကမ်းသို့ ဇက်သုံးစင်းဖြင့် ပို့ဆောင်ပေးနေသော်လည်း မြို့ပေါ်တွင် ကားအစီးရေ ၁၀၀ ကျော် ပိတ်မိနေဆဲဖြစ်
Published 7 April 2018

မြောင်းမြမြို့တွင် ပိတ်မိနေသည့်ကားများအား ဇက်ဖြင့် သယ်ဆောင်ပေးနေသည်ကို တွေ့ရစဉ်

မြောင်းမြကြိုးတံတား ကျိုးပျက်ပြီးနောက် ခြောက်ရက်မြောက်နေ့ဖြစ်သည့် ဧပြီ ၆ ရက် နံနက်ပိုင်းမှ စတင်ကာ ပြန်ကြားရေးရုံး ဇက်ဆိပ်နေရာမှနေ၍ ဇက်သင်္ဘောကြီး သုံးစင်းဖြင့် မြောင်းမြမြို့ဘက်ကမ်းမှ ကွယ်လွယ်ဘက်ကမ်းသို့ မော်တော်ယာဉ်များကို အခမဲ့ ပို့ဆောင်ပေးနေသော်လည်း မြို့ပေါ်တွင် ကားအစီးရေ ၁၀၀ ကျော် ပိတ်မိနေဆဲဖြစ်ကာ သြင်္ကန်ကာလ ရုံးပိတ်ရက်အတွင်း နေရပ်ပြန်မည့် ပြည်သူများအတွက် ကြိုတင်စီစဉ်မှုများကို အစိုးရက စီမံချက်ရေးဆွဲကာ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

မြောင်းမြမြို့ပေါ်တွင် အိမ်စီးကားငယ်များ အပါအဝင် ကုန်ကားကြီးများ ခရီးသည်တင်ယာဉ်များ အစီးရေ ၁၀၀ ကျော်မှာ တစ်ဖက်ကမ်းသို့ ဇက်ကူးရန်အတွက် စောင့်ဆိုင်းနေလျက်ရှိကြောင်း၊ ယာဉ်ရပ်နားရန်နေရာ အခက်အခဲများကြောင့် ဘုရားချောင်း လမ်းမကြီးတစ်လျှောက် ကားလမ်းပိတ်ဆို့မှုများပါ ဖြစ်ပေါ်ခဲ့ရကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု ရက်ရှည်လာမှုကြောင့် မြောင်းမြမြို့နှင့် လပွတ္တာမြို့များပေါ်တွင် မွေးမြူလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များမှာ တိရစ္ဆာန်အစာများ ပြတ်တောက်လာရခြင်း၊ ကုန်စည်များ မပို့ဆောင် နိုင်ခြင်းကြောင့် ဈေးကွက်ထိခိုက်ခြင်းများ ဖြစ်ပေါ်လာကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများမှာလည်း သယ်ယူရန် ခက်ခဲခြင်းများကြောင့် ဈေးကွက်အတွင်း ပစ္စည်းများ နည်းပါးလာပြီး ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာလျက်ရှိနေကြောင်း၊ မဟာသြင်္ကန်ပွဲတော် နီးကပ်လာသည်နှင့်အမျှ သြင်္ကန်ရုံးပိတ်ရက်အတွင်း နေရပ်သို့ ပြန်လည်လာရောက်မည့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး၊ သြင်္ကန်ပွဲတော်အတွင်း ကုန်ဈေးနှုန်းများ မမြင့်တက်စေရေးအတွက် အစိုးရပိုင်းမှ စီမံချက်များ အချိန်မီရေး ဆွဲနိုင်ခြင်း မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

“လောလောဆယ် ပိတ်မိနေတာ အိမ်စီးကားက အစီးနှစ်ဆယ်လောက်ပဲရှိတယ်။ ကုန်ကားနဲ့ ခရီးသည်တင်ကားက အစီးရှစ်ဆယ်ကျော်လောက်ရှိတယ်။ သြင်္ကန်ရုံးပိတ်ရက် နီးလာပြီဆိုတော့ အခြားဒေသ ရောက်နေတဲ့ ပြည်သူတွေ ပြန်လာဖို့ကို အစိုးရပိုင်းက ဘာမှတော့ မစီစဉ်ထားသေးဘူး။ အဲဒီအချိန်ဆို မြောင်းမြကိုပြန်မယ့် နေရပ်ပြန်တွေဟာ အရင်က တံတားရှိတဲ့ အချိန်မှာတောင် ကားတွေတအား ကျပ်ကျပ်တည်းတည်း သွားလာနေရတာ အခုလို ဇက်ကူးရမယ်ဆိုရင် တော်တော်လေးကို အခက်အခဲ တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။ ကားလက်မှတ်တွေလည်း ဈေးမတက်စေဖို့ တတ်နိုင်သလောက်တော့ ကြီးကြပ်တာပဲ။ ဒါပေမဲ့ မနေ့က ကားဂိတ်တစ်ခုက ခြောက်ထောင် ခုနစ်ထောင်လောက်နဲ့ ရောင်းတယ်လို့ ကြားတယ်” ဟု ခရီးသွားများကို အဆင်ပြေစွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့မှ ဦးရန်လင်းနိုင်က ပြောကြားသည်။

မြောင်းမြမြို့မှ တစ်ဖက်ကမ်းသို့ ခရီးသွားများ လုံခြုံစိတ်ချစွာ မြစ်ကူးနိုင်ရေးအတွက် အစိုးရပိုင်းမှ နှစ်ထပ်သင်္ဘော တစ်စင်းကို စီစဉ်ပေးနေလျက်ရှိပြီး သင်္ဘောကပ်ရန်အတွက် ဆိပ်ခံဗောတစ်ခုကိုပါ သယ်ဆောင် လာနေပြီဖြစ်ကြောင်း သိရသည်။

တံတားကျိုးပျက်ပြီးနောက် အရေးပေါ် လုပ်ဆောင်ခဲ့သည့် ဇက်ဆိပ်နေရာမှာ နေရာကျဉ်းမြောင်းပြီး ကားအစီးအရေ မမျှမတမှုများကြောင့် အိမ်စီးကားငယ်များ သီးသန့်သယ်ယူနိုင်သည့် ဇက်ဆိပ်ငယ် တစ်ခုမှာလည်း ထပ်မံလိုအပ်လျက် ရှိနေသေးကြောင်း သိရသည်။

 

Most Read

Most Recent