မန္တလေးတိုင်းတွင် တစ်ရက်အတွင်း ဓာတ်လိုက်သေဆုံးသူ သုံးဦးရှိ

မန္တလေးတိုင်းတွင် တစ်ရက်အတွင်း ဓာတ်လိုက်သေဆုံးသူ သုံးဦးရှိ
Published 7 April 2018

မန္တလေးတိုင်းဒေသကြီးတွင် တစ်ရက်အတွင်း ဓာတ်လိုက်သေဆုံးသူဦးရေ သုံးဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၅ ရက် နံနက်အစောပိုင်း ၁၂ နာရီခွဲခန့်က မန္တလေးဆေးရုံကြီးတွင် ဓာတ်လိုက် သေဆုံးသူ ရောက်ရှိနေကြောင်း သတင်းအရ ရဲကင်းရဲစခန်း (ပြင်စာ) မှ ရဲအုပ်ဝင်းဗိုလ်နှင့် အဖွဲ့စစ်ဆေးရာ အသက် (၁၈) နှစ်အရွယ် ချစ်ပို (၆ မိုင် ရေလှိုင်းကမာအပန်းဖြေစခန်း) မှဖြစ်ကြောင်းသိရပြီး ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု (၆) မိုင်ရေလှိုင်းကမာ အပန်းဖြေစခန်းသို့ ဆက်လက်စစ်ဆေးခဲ့ရာ သေဆုံးသူသည် အလုပ်တူ လုပ်ကိုင်သူ အသက် (၂၄ နှစ်) အရွယ် ယောက်ျားတစ်ဦးက ဧပြီ ၄ ရက် ည ၉ နာရီခွဲခန့်က ၎င်းနှင့်အတူ ချစ်ပိုသည် အပန်းဖြေစခန်းအတွင်း အမြင့် ပေ၂၀ ခန့်ရှိ ကွန်ကရစ် ဓာတ်မီးတိုင်၏အမြင့် ငါးပေခန့်တွင်ရှိသည့် မိန်းဘုတ်ခုံအား ရေမောင်းရန်အတွက် မီးခလုတ်ဖွင့်စဉ် မီးကြိုးပြတ်နေသည့်အတွက် မီးကြိုးဆက်ရာမှ လက်ဖြင့် မီးကြိုးကိုကိုင်မိကာ ချစ်ပိုမှာ စကားမပီတော့ဘဲ ဓာတ်လိုက်နေကြောင်း ပြောသောကြောင့် ၎င်းကအော်ဟစ် အကူအညီတောင်းနေစဉ် ချစ်ပိုမှာ ဓာတ်မီးတိုင်ပေါ်မှ အောက်ခြေကွန်ကရစ် ကျောက်ခင်းလမ်းပေါ်သို့ နောက်ပြန်လန်ကျခဲ့ရာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာရရှိပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက် ၆၅ လမ်းနှင့် ယောမင်းကြီးလမ်းထောင့်တွင် ဧပြီ ၅ ရက် နံနက် ၁၀ နာရီခန့်က ချစ်သဲမောင် (၂၇) နှစ်၊ လျှပ်စစ်ပြင်/ထိန်း (တံခွန်တိုင်လျှပ်စစ်ရုံး) သည် အမြင့် ၁၂ ပေခန့်ရှိ ဓာတ်တိုင်ပေါ်သို့ လျှပ်စစ်ဝိုင်ယာကြိုးများ တက်ရောက် ပြုပြင်စဉ် ဓာတ်လိုက်ပြီး ဓာတ်တိုင်ပေါ်မှ ပြုတ်ကျခဲ့ရာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နယ်မြေရဲစခန်း (စက်မှု) မှ ရဲအုပ်ကျော်ကျော်လတ်နှင့်အဖွဲ့ စစ်ချက်အရ သိရသည်။

စဉ့်ကိုင်မြို့နယ် ဘဏ္ဍာကျေးရွာတွင် ဧပြီ ၅ ရက်ညနေ ၆ နာရီဝန်းကျင်က မမြသီတာ (၃၇) နှစ်သည် ခေါင်းမှရေလောင်းချိုးပြီး အဝတ်လဲရန် နေအိမ်အနောက်ဘက် ခြံစည်းရိုးကပ်လျက်ရှိ ထဘီကြိုးတန်းမှ ထဘီအား သွားရောက်ယူပြီး စိုနေသော ဆံပင်အား ခါယမ်းလိုက်စဉ် အနီးရှိဓာတ်တိုင်မှ နေအိမ်သို့ သွယ်တန်းထားသည့် အိကျနေသော မြေပြင်မှ လေးပေခန့်အမြင့်ရှိ လျှပ်စစ်ကြိုးအား တောင့်တင်းရန် ပူးချည်ထားသည့် လျှပ်စီးဝင်နေသည့် သံကြိုးနှင့်ထိမိခဲ့ရာ ဓာတ်လိုက်နေသဖြင့် ခင်ပွန်းဖြစ်သူက သွားရောက် ဆွဲဖြုတ်ခဲ့ပြီး လူမှုကူညီရေးယာဉ်ဖြင့် ကျောက်ဆည်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်း (စဉ့်ကိုင်) မှ ဒုရဲမှူး မျိုးဝင်းနှင့်အဖွဲ့ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးမှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းအသီးသီးက သေမှုသေခင်းများဖြင့် ကနဦးရေးဖွင့်ကာ အမှုအား ဆက်လက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။